လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၁၁/၂၀၂၅
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာတွင် စစ်ဘေးရှောင်များနေထိုင်ရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲချခဲ့ရာ စစ်ဘေးရှောင်ပြည်သူ ၃၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ထံမှ သိရသည်။
အဆိုပါလင်းတလူးကျေးရွာဘုန်းကြီးကျောင်းကို ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့၊ ညဉ့် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲချခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူလည်းများပြားသောကြောင့် သေဆုံးသူအရေအတွက်တိုးလာနိုင်ကြောင်း သိရှိရသည်။
ဒေသခံစစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက“ဗုံးကြဲခံရလို့သေဆုံးတဲ့အထဲမှာ ကလေးငယ်တွေအပါအဝင် သလို လူကြီးတွေလည်းပါတယ်။ ကင်းထောက်လေယာဉ် စစ်ကိုင်းမြို့နယ်ကို ပျံဝဲခဲ့နေတာ ဒီကနေ့ ဗုံးကြဲခဲ့တယ်။ တော်တော်ရက်စက်တဲ့သူတွေ။ စစ်ရှောင်တွေမှာ ဘာအပြစ်မှမရှိဘူး” ဟုပြောသည်။
လက်ရှိတွင် လေကြောင်းတိုက်ခိုက်ခံရသော ဘုန်းကြီးကျောင်းကို ကယ်ဆယ်ရေးလုပ်ဆောင်နေပြီး ဒဏ်ရရာသူများအား ဆေးကုသရန်ခက်ခဲနေကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ”ဒီနေ့ ၁၁.၇.၂၀၂၅ မနက် ၁ နာရီခန့်မှာ စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာရှိ စစ်ဘေးရှောင်တွေရှိရာဘုန်းကြီးကျောင်း ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခံရ။ လောလောဆယ် စစ်ဘေးရှောင်ကလေးလူကြီးစုစုပေါင်း ၃၀ ခန့်သေဆုံး။ နောက်ထပ်သေဆုံးများရှိနိုင်သလို ဒဏ်ရာရလည်းများပြားနိုင်” ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဒဏ်ရာရရှိသူများကို ဆေးဝါးကုသမှုတချို့လုပ်ဆောင်ပေးနေသော်လည်း ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သော ဆရာဝန်၊ သူနာပြု လိုအပ်ချက်ကြီးမားနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် စစ်ကောင်စီ၏ နောက်ထပ် လေကြောင်းမှ ဗုံးထပ်ကြဲမည့်အန္တရာယ်ကို ဒေသခံများ စိုးရိမ်နေကြရကြောင်း သိရသည်။
ပုံစာ-လင်းတကူးရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ပျက်စီးမှုများကို တွေ့ရစဉ်။ ဓာတ်ပုံ - Nay P Latt
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။