Preview

မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် သြစတြေးလျက ဒေါ်လာ ၄ သန်းပေးအပ်မည်

လူထက်နိုင် | ဇူလိုင် ၁၁/ ၂၀၂၅ | ကြည့်ရှုသူ :1173
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၁၁/၂၀၂၅

မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အကူအညီနှင့်ဝန်ဆောင်မှုများပေးအပ်နိုင်စေရန် ကုလသမဂ္ဂ လူဦးရေဆိုင်ရာ လုပ်ငန်းရန်ပုံငွေအဖွဲ့(UNPF)သို့ ဒေါ်လာ ၄ သန်းပေးအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ထုတ်ပြန်သည်။

အဆိုပါပံ့ပိုးမှုသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)အနေဖြင့် မိခင်၊ ကလေးနှင့် မွေးကင်းစစောင့်ရှောက်ရေးဆိုင်ရာ၊ ကျား-မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆိုင်ရာအကူအညီများပေးအပ်ရာတွင် အထောက်အကူဖြစ်စေမည်ဟု မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး၏ ယမန်နေ့ ဇူလိုင် ၁၀ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဒေါ်လာ ၄ သန်းသည် အင်ဒို-ပစိဖိတ်ဒေသအတွက် လူသားချင်းစာနာမှုဆိုင်ရာထပ်တိုးအကူအညီ ၁ဝ သန်းပေးအပ်ရာတွင် ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။

သြစတြေးလျအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း ဘေးအန္တရာယ်တုံ့ပြန်ရေးတိုးမြှင့်လုပ်ဆောင်နိုင်ရန်နှင့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူအမျိုးသမီးများနှင့် မိန်းကလေးငယ်များကိုပံ့ပိုးနိုင်ရန်အတွက် လူသားချင်းစာနာမှုအကူအညီ ထပ်တိုးဒေါ်လာ ၁၀ သန်းကို ပေးအပ်မည်ဟု သိရသည်။

ယင်းအနက် ဒေါ်လာ ၄ သန်းကို မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ပေးအပ်မည်ဖြစ်ပြီး နောက်ထပ် ဒေါ်လာ ၆ သန်းကို အင်ဒို-ပစိဖိတ်ဒေသအတွင်း ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဆောတလျင်ကူညီလုပ်ဆောင်ရန်အတွက် ပေးအပ်မည်ဖြစ်သည်။

အင်ဒို-ပစိဖိတ်ဒေသသည် ငလျင်၊ ရေကြီးရေလျှံမှု၊ မိုးခေါင်မှု၊ တိုင်ဖွန်းမုန်တိုင်းများနှင့် မီးတောင်ပေါက်ကွဲမှုများအပါအဝင် ဘေးအန္တရာယ်များကို အထူးကြုံတွေ့ခံစားရသည့်ဒေသဖြစ်သည်ဟု သိရသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#အမျိုးသမီးအရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.