လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၁၂/၂၀၂၅
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးကျည် ၇၂ လုံးနှင့် ဗုံး ၂၇ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု တအာင်းတပ်မတော် TNLA က ထုတ်ပြန်သည်။
နောင်ချိုမြို့ကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းအမြောက်အများ အသုံးပြုတိုက်ခိုက်နေ၍ မြို့နယ်တွင်းရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ ကျောက် ပြုတ်၊ နားမုံနှင့် ရေမောင်းတန်စသည့် ကျေးရွာခြောက်ရွာကြားတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု TNLA ၏ ဇူလိုင်လ ၁၁ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါကျေးရွာများအတွင်း တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီး (၇၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၉)ရက်နေ့လည်း နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ နောင်လင်၊ ကျောက်တော၊ အုမ္မခါး၊ နားမုံနှင့် ရေမောင်းတန်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ခဲ့ချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၃၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး အလုံး(၅၀)တို့ကို ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများရပ်စဲရန်အတွက် တရုတ်က စစ်ကောင်စီနှင့် TNLA ကို မကြာသေးမီက သီးခြားစီတွေ့ဆုံ စကားပြောထားမှုရှိခဲ့သည်ဟု ဇူလိုင်လ ၅ ရက်နေ့ကပြုလုပ်သည့် TNLA ၏ စစ်ရေး၊ နိုင်ငံရေးနှင့်ပတ်သက်သည့် အွင်လိုင်းသတင်းစာရှင်းလင်းပွဲတွင် TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှူး လွေးယေဦးက ပြောဆိုခဲ့သည်။
တရုတ်၏ ညှိနှိုင်းပေးမှုကြောင့် လာမည့်သြဂုတ်လအတွင်း စစ်ကောင်စီနှင့် TNLA တို့ တရုတ်နိုင်ငံအတွင်း ထပ်မံတွေ့ဆုံဆွေးနွေးရန်ရှိသည်ဟုလည်း သိရသည်။
TNLA နှင့် စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် တရုတ်နိုင်ငံအစိုးရ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟိုတယ်၌ တွေ့ဆုံခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ဟု သိရသည်။
ဓာတ်ပုံ - TNLA
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။