လူထက်နိုင်- နိရဥ္ဇရာ၊ဇူလိုင် ၁၄/၂၀၂၅
“သက်ရှိစည်းရိုး” စစ်တပ်ဝါဒဖြန့်ကား ရိုက်ကူးခဲ့ရသည်အထိနာမည်ကြီးခဲ့သော ထိုင်း- မြန်မာနယ်စပ်မှ အရေးပါသည့် ဥကရစ်ထ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကာ နောက်ထပ် လက်ကျန်စခန်းကြီးတစ်ခုဖြစ်သည့် ဝေါလေကိုလည်း ဆက်လက်တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။
ဇူလိုင်လဆန်းမှစ၍စစ်ရေးအချက်အချာကျသော ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိသောဥကရစ်ထနှင့်ဝေါလေဗျူဟာစခန်းကိုကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းစခန်း၂ခုထဲမှဥကရစ်ထစခန်းကိုဇူလိုင်လ (၁၂) ရက်နေ့တွင်KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစခန်းအားသိမ်းပိုက်ရရှိမှုနှင့်ပတ်သက်ပြီးကေအဲန်ယူ-ဗဟိုမှ “ ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ထိုင်း-မြန်မာနယ်စပ်ရှိဥကရစ်ထစစ်ကောင်စီစခန်းကိုကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှသိမ်းပိုက်ရရှိခဲ့ကြောင်း” ဇူလိုင်လ (၁၃) ရက်နေ့တွင်သတင်းထုတ်ပြန်ထားသည်။
စခန်းသိမ်းပိုက်စဉ်အတွင်းလက်နက်ခဲယမ်းအမြောက်အများကိုသိမ်းဆည်းရမိခဲ့ပြီး အဆိုပါလက်နက်များအထဲတွင်၆၀မမလက်နက်ကြီးအပါအဝင်MA1, MA2, MA3, MA4, ငါးကြင်းမြှီး, ကွန်မန်ဒိုစိန်ပြောင်းစသည့်လက်နက်အလက်(၅၀)ထက်မနည်းအပြင်ကျည်ဘောက်၊ကျည်ဆန်များ၊လက်ပစ်ဗုံးအများအပြားသိမ်းဆည်းရမိခဲ့သည်ဟုသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ထိုင်းနိုင်ငံသို့လက်နက်များကိုစွန့်ပစ်ကာထွက်ပြေး လွတ်မြောက်သွားကြသည်ဟုKNU၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
စခန်းသိမ်းတိုက်ပွဲအတွင်းKNLA အပြင်ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ -PDF ဗျူဟာ(၃၂)၊ကော်ဘရာစစ်ကြောင်း(၁) တပ်ခွဲ(၂) တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြ၀တီမြို့တောင်ဘက်မှနောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သည့် ဝေါလေကိုလည်းKNLA ဦးဆောင်သည့်ပူးပေါင်းတပ်ဖွဲ့များကဆက်လက်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေသည်ဟုသိရသည်။
စစ်ကောင်စီလော်ဘီများကဝေါလေစခန်းလည်းအခြေအနေမကောင်းတော့ကြောင်းပြောဆိုနေသည့် ရုပ်သံဖိုင်များလည်း ထွက်ပေါ်နေသည်။
စစ်ကောင်စီသည်တိုက်ပွဲပြင်းထန်နေသည်ဝေါလေဒေသအားလေယာဥ်များဖြင့်ဗုံးကြဲပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်မူများလည်းအဆက်မပြတ်ဒေသခံပြုလုပ်နေသဖြင့်ဒေသခံပြည်သူ၃၀၀၀ထောင်ထက်မနည်းစစ်ဘေးရှောင်နေရသည်ဟုကရင်သတင်းစဉ်( KIC)တွင်သတင်းဖော်ပြထားသည်။
လက်ရှိမြဝတီတောင်ဘက်ပိုင်းတွင်ဝေါလေဗျူဟာစခန်းကုန်းနှင့်ထီးသဲလယ်ကာကင်းစခန်း၂ခုသာကျန်ရှိတော့သည်ဟုသိရသည်။
လက်ရှိKNLA သိမ်းပိုက်ရရှိသွားသောဥကရစ်ထစခန်းသည်ထိုင်းနယ်စပ်မှစစ်ရေးအရအရေးပါသော စစ်ကောင်စီစခန်းတစ်ခုဖြစ်ပြီး“သက်ရှိစည်းရိုး” ဆိုသောနာမည်ဖြင့်စစ်တပ်ဝါဒဖြန့် ဇာတ်လမ်းရိုက်ကူးခဲ့သော စခန်းလည်း ဖြစ်သည်။
KNU/KNLA သည်ထိုင်း-မြန်မာနယ်စပ်အနီးရှိစစ်ကောင်စီ၏ပူးလူးတူ၊ခလယ့်ဒေး၊တခေါဘီခွီး၊မော်ဖားသူးစခန်း၊တာလယ်စခန်းများ၊မယ်လ၊ဘလက်ဒို၊မော်ခီး၊ဘုရင့်နောင်စခန်းကုန်း၊ကနဲလေးစခန်းနှင့်ရွှေအေးမြိုင်တပ်စခန်း၊ သေ့ဘောဘိုးစခန်းတို့အားသိမ်းပိုက်ခဲ့သလိုလွန်ခဲ့သည်လ ဇွန်လ၂၂ရက်နေ့တွင်ထီးကပလယ်စခန်း၊ဇူလိုင်လ၁၂ရက်နေ့တွင်ဥကရစ်ထစခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်ထားသည်။
ဓါတ်ပုံ - သိမ်းပိုက်ရရှိသော လက်နက်များနှင့်ဥကရစ်ထစခန်းမှပုံရိပ်များ။