Preview

နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းတွင်အင်အားဖြည့်ထားသည့်ပြည်သူ့စစ်များ ထွက်ပြေးမှုများပြားလာ

သဉ္ဇာနွယ် | လွန်ခဲ့သော ၂၁ နာရီ က | ကြည့်ရှုသူ :1535
ပြည်တွင်း သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁၄/၂၀၂၅

ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီးရှိ အမ်း-ပဒါန်းလမ်းပေါ်မှ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းတွင် အင်အားဖြည့်ထားသည့် ပြည်သူ့စစ်များသည် ထွက်ပြေးမှုများပြားလာနေကြောင်း သတင်းရရှိသည်။

ယခု ဇူလိုင်လအတွင်းတွင် ကစဉ့်ကလျားထွက်ပြေးနေကြခြင်းဖြစ်သည်ဟု အမ်းဒေသခံမြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"အခုအသစ်ဖြည့်တဲ့အထဲကသူတွေ ထွက်ပြေးတာများတယ်။ သူတို့က စစ်တိုက်ချင်လို့ဝင်လာတဲ့သူမဟုတ်ဘူး။ အတင်းအဓမ္မဆွဲခေါ်ပြီး စစ်သင်တန်းပေးထားတဲ့သူတွေ။ မိဘတွေက ပျောက်လို့ပျောက်မှန်းမသိတဲ့သူတွေပါ" ဟု ပြောသည်။

အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းသားများသည် စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ကင်းစောင့်ခြင်းနှင့် စစ်ကြောင်းထိုးခြင်းများပြုလုပ်ရပြီး အများစုမှာ လက်နက်မကိုင်ချင်တော့သည့်အတွက် ကြုံသလို အသက်လုထွက်ပြေးရခြင်းဖြစ်သည်ဟု အာရက္ခတပ်တော်(AA)နှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"စစ်ကြောင်းထိုးဖို့ခိုင်းထားတဲ့အထဲမှာ ပြည်သူ့စစ်အများဆုံးပဲ။ တပ်မ(၉၉)တို့၊ နယ်မြေခံတပ်ရင်းတွေက အဲလောက်မပါဘူး။ ပြည်သူ့စစ်တွေက ဂိတ်တွေလည်း စောင့်ရတယ်။ သူတို့ထဲက တချို့က ကြုံရင်ကြုံသလို ထွက်ပြေးကြတယ်။ မိရင် စစ်ကောင်စီက ပစ်သတ်တာမျိုးရှိတယ်"ဟု ပြောသည်။

ယင်းသို့ ထွက်ပြေးလာသူများအနက် အချို့မှာ AA ရှိသည့်ဖက်သို့ လက်နက်ချ ခိုလှုံလာကြသလို အချို့မှာ မကွေးဖက်သို့ထွက်ပြေးကာ မကွေးဖက်မှ တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်ရှိမှုများရှိကြောင်း သူက ပြောသည်။

ယခု ပြည်သူ့စစ်မှုထမ်းအများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတုံမြို့ အမှတ်(၃)တပ်မတော်တန်းမြတ်လေ့ကျင့်ရေးကျောင်းမှ (၄၅)ရက်တာသင်တန်းတက်ထားသည့် စစ်သင်တန်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သူများက ပြောသည်။

ယင်းအပြင် ယခုပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်သား ထောင်နှင့်ချီမှာ မကွေးနှင့်အမ်းသို့ဆက်သွယ်ထားသည့် လမ်းပေါ်မှ ပဒါန်းမြို့ရှိ ဆုံကုန်းအမြောက်တပ်၊ ငဖဲရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၄)နှင့် ရိုးပေါ်မှ နတ်ရေကန်စခန်းသို့ ပို့ဆောင်ခြင်းခံထားရသည်ဟု သိရသည်။

ရခိုင်-မကွေးနယ်ခြားရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို AA ဦးဆောင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့အထိ တိုက်ပွဲများ မရှိသော်လည်း နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - ပုံဟောင်း

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.