Preview

ထိုင်း-မြန်မာနယ်စပ် နတ်အိမ်တောင်စခန်းကို စစ်ကူလာသော စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၍ တပ်ခွဲမှူးအပါအဝင် လေးဦး သေဆုံး

လူထက်နိုင် | ဇူလိုင် ၁၆/ ၂၀၂၅ | ကြည့်ရှုသူ :1120
ပြည်တွင်း သတင်း

(စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ)

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၁၆/၂၀၂၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ အကြမ်းဖက်စစ်တပ်၏ နတ်အိမ်တောင်စခန်းကို စစ်ကူလာသော စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ တပ်ခွဲမှူး ဗိုလ်မှူးအောင်ကိုဟိန်းအပါအဝင် လေးဦး သေဆုံးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ် ခရိုင်က ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်သည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)တပ်မဟာ(၄)နှင့် တပ်မဟာ(၆)၊ အထူးဗျူဟာ(၂)နှင့် ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဇူလိုင်(၁၁)ရက်နှင့် (၁၂) ရက်နေ့က စစ်ကောင်စီ၏ နတ်အိမ်တောင်စခန်းကို စစ်ကူလာသော စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ တပ်ခွဲမှူး ဗိုလ်မှူးအောင်ကိုဟိန်းအပါအဝင် လေးဦး သေဆုံးပြီး သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ(၁၄) ရက်နေ့နှင့် (၁၅) ရက်နေ့များတွင်လည်း နတ်အိမ်တောင် ဧရိယာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ ကလိန်အောင်တပ်နယ်မှ တပ်ရင်း(၅)ရင်း ပူးပေါင်းစစ်ကြောင်းကို KNLA နှင့်ပူးပေါင်းတပ်များက ထပ်မံတိုက်ခိုက်ခဲ့ရာ နောက်ထပ် စစ်ကောင်စီ တပ်သားလေးဦးအားလည်း လက်ရဖမ်းဆီး ရမိခဲ့သလို လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

blob

တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားတစ်ဦးတွင် သူကိုင်ဆောင်ထားသော လက်နက်ကို စစ်ကောင်စီတပ်က အတင်းပြန်လည် သိမ်းဆည်းသွားခဲ့သော်လည်း လူအား သယ်ယူသွားခြင်းမရှိဘဲ ဒဏ်ရာဖြင့် စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။

KNLA နှင့် ပူးပေါင်းတပ်များက ထိုဒဏ်ရာရ စစ်ကောင်စီတပ်သားအား ဖမ်းဆီးမိသည့်စစ်မြေပြင်မှ ဆေးကုသနိုင်သောနေရာသို့ လူသားချင်းစာနာထောက်ထားမှုအခြေခံဖြင့် မိုင်ပေါင်းများစွာ ထမ်းယူခဲ့ရပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ကာ နိုင်ငံတကာစစ်သုံ့ပန်းကျင့်ဝတ်များအညီ စောင့် ရှောက်ထားရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“ကျနော်တို့ ရဲဘော်တွေ အသက်ကို သူတို့ တန်ဖိုးမထားပါဘူး။ ကိုယ်တွေ့ပါပဲ။ တိုက်ပွဲမှာ ဒဏ်ရာရရင် ကိုယ့်ရဲဘော်ပဲဆိုပြီး ပြန်သယ်မယ်၊ ဆေးကုပေးမယ်လို့တော့ လုံးဝ မမျှော်လင့်ပါနဲ့ ။ ကျနော့်လိုပဲ စွန့်ပစ်ခံရမှာပါပဲ။ အခွင့်သာတာနဲ့ တော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူတွေဆီကို ထွက်ပြေး၊ အလင်းဝင်ကြတာ အကောင်းဆုံးပါပဲ” ဟု အဆိုပါ ဒဏ်ရာရစစ်ကောင်စီ တပ်သားက အခြား စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သတင်းစကားပါးလိုကြောင်း ပြောသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ကမ်းရိုးတမ်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၇၃၊ ခလရ ၂၈၂၊ ခမရ ၄ဝ၈၊ ခမရ ၄၀၉ နှင့် ခမရ ၄၁ဝ စသည့် တပ်ရင်း(၅) ရင်းဖြင့် စစ်ကြောင်းဖွဲ့စည်းပြီး ဇူလိုင်လပထမအပတ်မှစ၍ နတ်အိမ်တောင်စခန်းဧရိယာသို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.