မောင်စာဂ၊ နိရဉ္စရာ၊ ဇူလိုင် ၁၆/၂ဝ၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ Honorable Dr. Khalilur Rahman ကို သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် အကြံပေးပုဂ္ဂိုလ်ချုပ်၏ရုံးရှိ ၎င်း၏ရုံးခန်းသို့ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ ၁၆ ရက်၊ နံနက်တွင် ထုတ်ပြန်ထားသည်။
“ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကျိုးရှိစေရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့်ထိစပ်နေသည့် ရခိုင်နယ်စပ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားသလို နယ်စပ်တွင် ပြဿနာများရှိနေချိန် ယခုလို တွေ့ဆုံမှုသည် ထူးခြားမှုရှိနေနိုင်သည်ဟုလည်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်မှ ၁၆ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အလည်အပတ် သွားရောက်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရတ်စ်က ရခိုင်ဒေသသို့ လူသားချင်းစာနာမှုအကူအညီပေးရေး စင်္ကြံလမ်းကြောင်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့်ဖွင့်လှစ်ရန် လမ်းကြောင်းသစ်ရှာသင့်သည်ဟုပြောဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ကန့်ကွက်မှုအချို့ရှိခဲ့၍ လက်တွေ့တွင် အဆိုပါအစီအစဉ်သည်လည်း ပျက်ပြယ်သွားခဲ့ပြီဟု သိရသည်။
အဆိုပါအစီအစဉ်သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မိုနိုဝါဟိုစိန် Md. Monowar Hossain နှင့် စစ်သံမှူး ဗိုလ်မှူးချုပ် အက်ဖ်တက် ဟော့စိန် Aftab Hossain တို့အား ပြီးခဲ့သည့် မေလအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ ပြန်ခေါ်ခဲ့သေးသည်။
၁၇ မြို့နယ်ရှိသည့် ရခိုင်တွင် မြို့နယ်ပေါင်း ၁၄ ခုကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်သည့် AA နှင့် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများအကြား အဆက်အသွယ်ရှိသည်ဟုဆိုကာ စစ်ကောင်စီဘက်က ကန့်ကွက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်ခေါ်ခဲ့ခြင်းလည်းဖြစ်သည်။
ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမျိုးသားလုံခြုံရေးအကြံပေး Honorable Dr. Khalilur Rahman တို့တွေ့ဆုံစဉ် (Photo – MOFA)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။