(GZA စစ်ဦးစီးချုပ်နှင့် နောက်ထပ်တစ်ဦး အသက်ဘေးမှလွတ်မြောက်၊ နှစ်ဦး သေနတ်ဒဏ်ရာ ပြင်းထန်စွာရရှိပြီး တစ်ဦးကို လုပ်ကြံသူများက ဖမ်းဆီးသွား)
လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၁၇/၂၀၂၅
Generation Z Army (GZA)မှ စစ်ဦးစီးချုပ်အပါအဝင် ငါးဦးနှင့် ယောကာကွယ်ရေးတပ် (YDF)၏ တပ်ဖွဲ့ဝင်နှစ်ဦးတို့သည် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း လုပ်ကြံခံခဲ့ရသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ၊ (၁၅) ရက်နေ့ နေ့လယ် ၃ နာရီခန့်တွင် GZA ၏ ဥက္ကဋ္ဌတဖြစ်လည်း စစ်ဦးစီးချုပ် တစ်ဦး၊ ဗဟိုစစ်ရုံးချုပ်-ကိုယ်ရေးအရာရှိ တစ်ဦး၊ အမှတ်-၂ တပ်ရင်း - တပ်ရင်းမှူး တစ်ဦး၊ ဆေးသူနာပြု နှစ်ဦးအပြင် YDF ၏ လုံခြုံရေးတပ်မှူး တစ်ဦးနှင့် လုံခြုံရေးတပ်သား တစ်ဦးတို့သည် ဂန့်ဂေါခရိုင်၊ ကန်စွန်းထောင့်ကျေးရွာနှင့် ယင်းမာကျေးရွာအကြား ဂန့်ဂေါခရိုင် တပ်ရင်း (၁၀)၊ တပ်ခွဲ (၇)၏ စခန်းအနီးတွင် ဂန့်ဂေါခရိုင်တပ်ရင်း၏ ယူနီဖောင်းဝတ်ဆင်ထားသည့် လူအင်အား (၂၃) ဦးခန့်က သေနတ်ဖြင့် လုပ်ကြံပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု GZA က ယမန်နေ့ ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
GZA စစ်ဦးချုပ် ကိုအောင်ကျော်မျိုးထက်နှင့် ဆေးသူနာပြုတစ်ဦးတို့သည် အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ပြီး ကျန်ဆေးသူနာပြုတစ်ဦးသည် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကာ လုပ်ကြံပစ်ခတ်သူများထံ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် GZA ၏ ဗဟိုစစ်ရုံးချုပ်-ကိုယ်ရေးအရာရှိ ကိုပါကြီးနှင့် အမှတ်-၂ တပ်ရင်း - တပ်ရင်းမှူး ကိုဘီလူးတို့သည် လုပ်ကြံသူများကို ပြန်လည်ခုခံခဲ့ရာ သူတို့နှစ်ဦးတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး လုပ်ကြံသူများထံ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း သိရသည်။
Photo - Burma VJ
အခင်းဖြစ်ပွားသည့်နေ့ ည ၇ နာရီခန့်တွင် ကိုပါကြီးနှင့် ကိုဘီလူးတို့ကို GZA မှ လုံခြုံရေးတပ်သား (၂၀) ဦးခန့် အသုံးပြု၍ လုပ်ကြံသူများထံမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကိုပါကြီး၌ ဦးခေါင်း၊ ရင်ဘက်၊ လက်နှင့် ပေါင်တွင် ပစ်ခတ်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
အလားတူ ကိုဘီလူးတွင် ပေါင်၌ ပစ်ခတ်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း နာတာရှည်ဝေဒနာ ခံစားရမည်ကို စိုးရိမ်ရသည့် အနေအထား ရှိကြောင်း သိရသည်။
လုပ်ကြံခံရသည့် သူတို့အဖွဲ့နှင့်အတူ ကနဦးတွင်ပါဝင်ခဲ့သည့် YDF ၏ လုံခြုံရေးတပ်မှူး တစ်ဦးနှင့် လုံခြုံရေးတပ်သား တစ်ဦးတို့အကြောင်းကိုမူ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားခြင်းမတွေ့ရပါ။
အထက်ဖော်ပြပါ လူနာရဲဘော်နှစ်ဦး၏ ပြောကြားချက်အရ သူတို့သည် ဖမ်းဆီးထိန်းသိမ်းခံရချိန်တွင် လုပ်ကြံသူများ၏ သေနတ်ဒင်ဖြင့် ခေါင်းအားရိုက်နက်၍ ညင်းပန်းနှိပ်စက်မှုကို ခံခဲ့ရကြောင်း သိရသည်။
ထို့အပြင် ဤလုပ်ကြံမှုတွင် ဂန့်ဂေါခရိုင်တပ်ရင်း (၁၀)၊ တပ်ခွဲ (၇)၏ ပါဝင်မှု၊ YDF ကို ပုန်ကန်သူ တပ်မှူးများ “ကိုကောင်းကောင်း"၊ “ကိုယောလင်း"၊ "ကိုဆန်းကိုဦး" နှင့် တပ်သားများ၏ ပါဝင်မှုကို ဦးစွာအတည်ပြုနိုင်ခဲ့ကြောင်း GZA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လမ်းတွင် YDF ကို ပုန်ကန်သူ တပ်မှူး “ကိုယောလင်း” အား ကိုဘီလူးက မျက်မြင်တွေ့ရှိခဲ့ရပြီး YDF ကို ပုန်ကန်သူ တပ်မှူး “ကိုကောင်းကောင်း" ကိုလည်း ကိုပါကြီးက မျက်မြင်တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုလုပ်ကြံရာတွင်ပါဝင်သူ YDF ပုန်ကန်သူ ကိုကောင်းကောင်းနှင့် တပ်ဖွဲ့ဝင်အချို့သည် တပ်ပိုင်လက်နက်ခဲယမ်းများကို ခွင့်ပြုချက်မရှိဘဲရောင်းဝယ်ဖောက်ကားခြင်း၊ တပ်ပိုင်ငွေများနှင့် ကိုယ်ကျိုးစီးပွားရှာခြင်း၊ သစ်မှောင်ခိုရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်း၊ သင်တန်းရဲဘော်-ရဲမေများကို ပြန်ပေးဆွဲခြင်း၊ သင်တန်းသားများ၏အသက်အန္တရာယ်ကိုခြိမ်းခြောက်ခြင်းစသည့် ပြစ်မှုများကိုကျူးလွန်ထားခြင်းကြောင့် ဖမ်းဆီးထားစဉ် ပြီးခဲ့သည့် မေလ ၈ ရက်က YDF အမှတ်-၁ အကျဉ်းထောင်ဌာနမှ ထောင်ဖောက်ထွက်ပြေးသွား၍ တွေ့ရှိပါက ဖမ်းဆီးပြီး လွဲှပြောင်းအပ်နှံပေးကြရန် YDF က မေလ ၂ဝ ရက်တွင် ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ယခုလုပ်ကြံမှုအတွင်း အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပါဝင်မှုကို ကနဦးသတင်းရရှိထားပြီး ယင်းအခြေအနေများကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ပါ၍ GZA နှင့် YDF အား လုပ်ကြံသူများနှင့် စပ်လျဉ်း၍ ကြံစည်ကျူးလွန်သူများကို တရားဥပဒေအရ ပြည့်ဝစွာ အရေးယူသွားမည်ဖြစ်ကြောင်း GZA က ဆိုသည်။
GZA စစ်ဦးစီးချုပ်နှင့် YDF ရဲဘော်များကို YDF မှ ထွက်ပြေးတိမ်းရှောင်နေသော တပ်ပြေးများနှင့် ၎င်းတို့အားဝန်းရံပေးနေသူများ၏ ယခုကဲ့သို့ခြုံခိုတိုက်ခိုက်မှု လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချကြောင်းလည်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)က ယနေ့ ဇူလိုင်လ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - လုပ်ကြံခံရ၍ သေနတ်ဒဏ်ရာရရှိခဲ့သည့် GZA မှ နှစ်ဦးအား တွေ့ရစဉ်။ (Photo – Burma VJ)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။