CDM ဗိုလ်ကြီးဇင်ယော် သုံးသပ်ချက်
နိရဉ္စရာ၊ ဇူလိုင် ၁၉/၂၀၂၅
စစ်ကောင်စီဟာ နောင်ချိုမြို့ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၅ ရက်နေ့မှ စတင်ထိုးစစ် တိုက်ခိုက်ပြီး (၁၁) လအကြာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်မှာ နောင်ချိုတစ်မြို့လုံးကို သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ကြေညာသည်။
စစ်ဆင်ရေးကာလ (၁၁) လအတွင်းတိုက်ပွဲအကြီးပေါင်း အကြိမ် (၂၀)၊ ထိတွေ့မှုပေါင်း (၅၆၆) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ အလောင်း ၁၇၁ လောင်း၊ လက်နက်မျိုးစုံ ၁၆၆ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီက ဖော်ပြသည်။
ထင်းရှားသည့် တိုက်ပွဲများမှာ ငုံးမင်းစေတီတိုက်ပွဲ၊ ပွိုင့် (၁၁၃၀) တိုက်ပွဲ၊ ဇေတဝန် ဘုရားကုန်းတိုက်ပွဲ၊ မန်ကျည်းရေဘုန်းတော်ကြီးကျောင်းတိုက်ပွဲ၊ ထုံဖိုစုကျေးရွာတိုက်ပွဲ၊ ကမ္ဘောဇဘုန်းကြီးကျောင်းတိုက်ပွဲ၊ နားရှိုးကျေးရွာတိုက်ပွဲ၊ ရွှေစံဖော်ဘုန်းကြီးကျောင်းတိုက်ပွဲ၊ ဆယ်တောင်ပြည့် ဘုရားကုန်းတိုက်ပွဲ၊ မန်မောကျေးရွာတိုက်ပွဲ၊ တောင်ရှည်ကျေးရွာတိုက်ပွဲ၊ ကျောက်ကြမ်းတိုက်ပွဲ၊ နမ့်ဆောင်ဟူးတိုက်ပွဲ၊ မျက်ချင်းနုတိုက်ပွဲ၊ ရွှေပြည်ညွန့်တိုက်ပွဲ၊ ရွှေသွန်းတိုက်ပွဲ၊ ကုန်စံတိုက်ပွဲ၊ ဂုတ်ထိပ်တိုက်ပွဲ၊ ပွိုင့် (၁၁၁၈) တိုက်ပွဲများဖြစ်ကြသည်ဟု ဆိုသည်။
နောင်ချိုကို စစ်ကောင်စီက ပြန်လည်ရရှိသွားပြီးနောက် နောက်ဆက်တွဲဖြစ်လာနိုင်သည့် စစ်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကို နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ သူက ယခုလို စတင်ပြောကြားသည်။
“ နောင်ချိုကိုသူတို့ခြေကုတ်ယူပြီးရင် သူတို့ (စကစ) တောင်းထားတဲ့ မြို့ ၅ မြို့၊ လက်ရှိကျန်နေတဲ့ ၄ မြို့ပေါ့။ ကျောက်မဲရယ်၊ သီပေါရယ်၊ မိုးကုတ်ရယ်၊ မိုးမိတ်ရယ်။ ဒါတွေကို စစ်ရေးအရ တိုက်လာမယ့် အနေအထားမျိုးဘဲ။ ပြီးရင် သူတို့ (စကစ) ဦးတည်တိုက်မှာက နောင်ချိုပြီးရင် ကျောက်မဲ၊ သီပေါဘက်လှည့်မှာပဲ။ ပြီးရင် တစ်လက်စတည်း TNLA နဲ့ ဆက်နွယ်တဲ့ ဟိုဖက်က သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူပြီးရင် မိုးကုတ်ပေါ့။ စစ်ပွဲမှာတော့ သူတလှည့်၊ ကိုယ်တလှည့် အရှုံး၊ အနိုင်က ရှိစမြဲပေါ့”ဟု ပြောသည်။
TNLA ထိန်းချုပ်ထားသည့် မြို့ရွာများကို စစ်ကောင်စီက ခြေကုတ်တနေရာရသွားပြီဖြစ်သဖြင့် ဆက်လက် ထိုးစစ်တိုက်ခိုက်လာနိုင်သဖြင့် TNLA အဖွဲ့ကလည်း အပြင်းအထန်ခုခံမှရမည့် အနေအထားရှိနေသည်ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“ အဲဒီတော့ TNLA အဖွဲ့တွေကလည်း အပြင်းအထန်ခုခံမှရမယ့်သဘောပါပဲ။ စစ်တပ်ကလည်း နောင်ချိုကို ရသွားတော့ သူတို့ တိုက်စစ်အားတန်ပိုက မြင့်သွားပြီးပေါ့။ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်တပ်အကြီးအကျယ်ရှုံးပြီး ကိုယ်တို့ တန်ပိုမြင့်ခဲ့သလိုဘဲ။ အခုက စစ်တပ်ကစစ်တန်ပိုမြင့်လာတဲ့သဘော သွားတွေ့ရတယ်။ ဒါကတော့ ငြင်းလို့မရဘူး”ဟု ပြောသည်။
နောင်ချိုမြို့သည် စစ်ရေးအရ အလွန်အရေးပါသော နေရာဖြစ်သဖြင့် နောင်ချိုကို စစ်ကောင်စီ ပြန်ရသွားခြင်းက သူတို့အတွက် စစ်ရေးအရ အားသာချက်ရှိသွားသည့်သဘောဟု ဆိုသည်။
“နောင်ချိုက ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းအတွက် တံခါးပေါက်တစ်ခုဖြစ်သလို မန္တလေး၊ လားရှိုး၊ မူဆယ်လမ်းမကြီးမှာလည်း အရေးပါတဲ့တစိတ်တဒေသ အခရာကျတဲ့ နေရာမှာတည်ရှိတယ်။ ပြီးရင် တချိန်က ပြောပြောနေတဲ့ဒုတိယမြို့တော်မန္တလေးရဲ့ ကာကင်းမြို့ဖြစ်တဲ့ ပြင်ဦးလွင်နဲ့ ဟိုဖက် ဒီဖက် နယ်နိမိတ်ချင်းထိစပ်နေတဲ့ဧရိယာလည်းဖြစ်တယ်။ အနောက်ဖက်အခြမ်းမှာဆိုရင် မိုးကုတ်ရှိတယ်။ မိုးကုတ်ကိုလွန်မယ်ဆိုရင် ဟိုဖက်မှာ စစ်ကိုင်းတိုင်း၊ ပြီးရင် မြန်မာပြည် မြောက်ဖျားပိုင်းနဲ့လည်း ချိတ်ဆက်လို့ရတဲ့လမ်းခွဲတနေရာဖြစ်တယ်ပေါ့နော်။ အဲ့ဒီနေရာကို စစ်ကောင်စီက ပြန်ပြီးတော့ ထိန်းချုပ်နိုင်ပြီဆိုတော့ စစ်ရေးအရ အားသာချက်ရှိသွားတဲ့ သဘောပါဘဲ။”
၎င်းပြင် ကရင်နီ၊ ရှမ်းတောင်နှင့် ကရင်ပြည်ဘက်တွင် ဖြစ်နေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီးလည်း ယခုလို သုံးသပ်ပြောဆိုသည်။
“ ပြီးရင် လက်ရှိ ရှမ်းတောင်ဖက်မှာ၊ ကရင်နီဘက်မှာ ထိုးစစ်ရှိတယ်။ ဒီနေရာတွေကို သူတို့ (စကစ)က ကြီးကြီးမားမား ထိုးစစ်ထိုးရတယ်။ ကျန်တဲ့နေရာတွေက သူတို့ စစ်တပ်အတွက် ကလေးကစားတဲ့ အနေအထားဖြစ်သွားပြီ။ ကရင်ဖက်မှာတိုက်နေတာရှိပေမယ့် သူတို့အရေးသိပ်မထားဘူး။ အဲဒီစခန်းတွေက အမြဲအငြင်းပွားနေကြနေရာမျိုးတွေ။ ပြီးရင်လည်း ကာလအတန်ကြာရင် သူတို့ ထိုင်းနဲ့ဘဲ ညှိမလား၊ စောချစ်သူသူတို့နဲ့ ပေါင်းပြီးပြန်ပြီးသိမ်းသွားတာမျိုးရှိတော့ကရင်ဘက်ကို သိပ်အလေးမထားဘူး” ဟု ပြောသည်။
နောင်ချိုတိုက်ပွဲ ရှုံးတာကို ထိုင်ကြည့်နေလို့ မရသလို ကိုယ်နေရာကိုယ်စိုးမိုးနိုင်အောင် လုပ်ရမည်ဟုလည်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသွားသည်။
“ ရှုံးတဲ့ဟာကိုပဲထိုင်ကြည့်နေလို့မရဘူး။ ကိုယ့်အစွန်းကိုယ့်အစနဲ့ စစ်တပ်ကဦးတည်နေတဲ့ တိုက်စစ်ကို နေရာအနှံ့မှာ ဖော်ဆောင်ဖို့လိုတယ်။ စစ်ပွဲကတော့ အမြဲတမ်းနိုင်နေတာကတော့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာဘဲ ပြတာရှိတယ်။ စစ်သဘောကတော့ တဖက်ကအင်အားကြီးလာရင် တဖက်ကနောက်ဆုတ်ပေးရမယ်။ ပြီးရင် တဖက်က အဆင်သင့်မဖြစ်သေးရင် အဆင်သင့်ဖြစ်တဲ့ဖက်ကနိုင်သွားမယ်။ နောက်ဆုံးမှာတော့ လက်နက်အင်အား၊ လူအင်အား၊ ငွေကြေးသုံးစွဲနိုင်တဲ့ဖက်က နိုင်တဲ့ထုံးစံပေါ့။ အဲ့တော့ စစ်ကောင်စီကလည်း အမြဲတမ်း ကျွန်တော်တို့ထက်သာနေစရာတော့ အကြောင်းမရှိဘူး။ ကျွန်တော်တို့ကလည်း သူ့ထက်သာအောင် တနေရာတည်းကကြိုးစားလို့မရဘူး။ ကိုယ့်နေရာမှာ ကိုယ်အသာစီးရအောင်ကြိုးစားရမယ်။ စလင်းကလူက စလင်း။ မကွေးကလူက မကွေး။ ရေနံချောင်းကလူက ရေနံချောင်း။ ထားဝယ်ကလူက ထားဝယ်။ မင်းဘူးကလူက မင်းဘူး။ ဒီလို အပိုင်းလိုက်၊ အပိုင်းလိုက် ကိုယ်စီတာဝန်ကျေရင် ဘာမှမဖြစ်ဘူး။ ကိုယ့်နေရာကိုယ် စိုးမိုးနိုင်အောင် လုပ်ရမယ်။ နောင်ချိုပြန်ပေးလိုက်ရလို့ ဘာမှ မဖြစ်ဘူး။ ရှုံးရင် ပြန်ပေးရမယ်။ နိုင်ရင်ပြန်ရမယ်။ နောင်ချိုသိမ်းတာကို ထိုင်ပြီးပြောနေတာထက် ကိုယ့်နေရာကိုယ်ကိုယ်ခြေကုပ်ယူပြီး စစ်ကောင်စီက တပ်ရင်းဌာနချုပ်ကြီးတွေမတိုက်နိုင်ဘူးဆိုရင်တောင်မှ တစ်ယောက်ပဲ သေသေ၊ နှစ်ယောက်ပဲရရ၊ တစ်လက်ပဲရရ ဆိုတဲ့ စိတ်နဲ့ တော်လှန်နေရမှာဘဲ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။