ပိုးဝါ၊ နိရဉ္စရာ၊ ဇူလိုင် ၁၉/၂၀၂၅
မြန်မာစစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက်အထိ ဒီမိုကရေစီရေး လှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်း ၇၀၀၀ ခန့် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်နှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၉၇၄) ဦး ရှိခဲ့ပြီဟု ယမန်နေ့ ဇူလိုင်လ ၁၈ ရက်တွင် AAPP က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉,၄၀၅) ဦးရှိပြီး (၂၂,၁၈၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀,၈၈၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု ဖော်ပြသည်။
အဆိုပါအရေအတွက်မှာ AAPP က လက်လှမ်းမီသမျှ ကောက်ယူထားခြင်းဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟု ဆိုသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ မကွေးတိုင်း၌ အမျိုးသမီး (၄၇) ဦးနှင့်အမျိုးသား (၉၆) ဦး၊ စုစုပေါင်း (၁၄၃) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၃) ဦးပါဝင်သည်ဟု သိရသည်။
အဆိုပါ (၁၄၃) ဦး အနက် (၇၅) ဦးမှာ စစ်ကောင်စီ၏လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး (၂၀) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမနှစ်ဦးတို့ သေဆုံးခဲ့မှု နာရေးမြင်ကွင်း။ (Photo - Social Media)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။