လူထက်နိုင်၊ နိရဥ္ဇရာ၊ဇူလိုင် ၂၀/၂၀၂၅
စစ်ကောင်စီနှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ အကြား အချက် ၅ ချက်ကို သဘောတူကြောင်း လက်မှတ်ရေးထိုးထားသည့် စာချုပ်တစ်ခု ထွက်ပေါ်လာမှုနှင့် ပတ်သက်ပြီး ၎င်းစာချုပ်မှာ မဟုတ်မှန်ကြောင်းနှင့် စာချုပ်အတု၊ စာချုပ်အမှားသာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် (CNF/CAN) ပြောခွင့်ရသူ ဆလိုင်းထက်နီက နိရဉ္စရာသတင်းဌာ ကိုပြောကြားသည်။
ချင်းပြည်နယ်၊ဟားခါးမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စိုးဝင်းထွန်းနှင့် ချင်းအမျိုးသားတပ်ဦး ဥက္ကဋ္ဌ Pu Zing Cung တို့ လက်မှတ်ရေးထိုးထားသည့် အချက် (၅)ချက်ပါ နှစ်ဘက်သဘောတူစာချုပ်တစ်ခု အွင်လိုင်းပေါ်တွင် ထွက်ပေါ်လာမှုနှင့် ပတ်သက်ပြီး နိရဉ္စရာက ဆက်သွယ်မေးမြန်းစဉ် ဆလိုင်းထက်နီက ထိုသို့ တုံ့ပြန် ပြောဆိုသွားခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဥက္ကဋ္ဌနဲ့ ဗိုလ်ချုပ်စိုးဝင်း ဓာတ်ပုံက ၂၀၁၆။ ၂၁ ပင်လုံညီလာခံတက်တုန်းက ဓာတ်ပုံ ဖြစ်ပါတယ်။ အခုတက်လာတဲ့ဟာက လုံးဝအခြေအမြစ်မရှိတဲ့ ဥစ္စာဖြစ်ပါတယ်။ လုံး၀ သတင်းတုသတင်းမှားကြီးဖြစ်ပါတယ်။ ဘာလို့လည်းဆိုရင် အခုရိခေါဒါမြို့ကိစ္စမှာ တစ်ဖက်က လုပ်နေတာတချို့က လုံးဝမမှန်ကန်တဲ့ဟာဖြစ်တယ်။ အခု ကလေးကနေတက်လာတဲ့ စစ်ကောင်စီက ဖလန်းမြို့ကို ပြန်ယူဖို့လာတဲ့ဟာ ဖြစ်တယ်။ ကျွန်တော်တို့က ဖလန်းမြို့ကို မရောက်အောင် ကလေးမြို့အစပ်မှာ တိုက်ပွဲဖော်ဆောင်နေပါတယ်။ အဲ့ဒါကြောင့် သူတို့ သတင်းတွေက လုံးဝ အခြေအမြစ်မရှိဘူး။ သိထားဖို့က သူတို့သတင်းတုလုပ်တဲ့ ပုံစံကလည်း ခေါင်းစဉ်မှာ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီလို့ ရေးထားတယ်။ ကျွန်တော်သိတာက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလို့ သိတယ်။ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဆိုတာ ကျနော် မကြားဖူးဘူး။ စကစ သုံးနေတဲ့ဟာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ။ အဲ့လိုပဲ သိတယ်။ အဲဒီကတည်းကိုက မှားနေတယ်။ အဲ့ဒါကိုက အခြေအမြစ်မရှိ ပြည်သူတွေနဲ့ သတင်းသမားတွေ နားမယောင်ကြဖို့ ပြောချင်ပါတယ်” ဟုပြောသည်။
အွင်လိုင်းတွင် ပျံ့နှံ့နေသည့် သဘောတူစာချုပ်မှာ လျို့ဝှက်ဟု ရေးသားထားပြီး စာချုပ်လက်မှတ်ရေးထိုးသည့် နေ့စွဲကို ၂၀၂၅ခုနှစ် ဧပြီလ ၂၉ ရက်ဟု ဖော်ပြထားသည်။
စာချုပ်ထဲတွင် နှစ်ဘက်သဘောတူစာချုပ် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ၊ စစ်ဗျူဟာအခြေချဟားခါး၊ စစ်ဗျူဟာမှူး ဗိုလ်မှု ကြီးစိုးမင်းထွန်း၊ ဟားခါးအခြေစိုက် ခမရ -၂၆၆ တပ်ရင်းမှ ဗိုလ်မှူး အာကာကျော်မိုးနှင့် ချင်းအမျိုးသားတပ်ဦး (CNF/ CNA) တို့ကြား အပစ်ခတ်ရပ်စဲပြီး လိုအပ်သည့် အကူညီများ ထောက်ပံ့ကူညီပေးရန် အောက်ဖော်ပြပါ သဘောတူခဲ့ပါသည်။
၎င်းသဘောတူညီချက်မှာ
၁။ ချင်းပြည်နယ်၊ ဟားခါးမြို့အား ဘယ်လက်နက်ကိုင်အဖွဲ့အစည်းများမှ မတိုက်ခိုက်ရန် ချင်းအမျိုးသားတပ်ဦး(CNAA)မှ ကာကွယ်ရှောက်လျောက်ပေးရန်။
၂။ ထန်တလန်မြို့အား ချင်းအမျိုးသားတပ်မတော်မှ နောက်ထပ် ထိုးစစ်ဆင် မတိုက်ခိုက်ရန်နှင့် ဟားခါး - ထန်တလန် လမ်းမပေါ်မှ ချင်းအမျိုးသားတပ်ဦး(CNF/A) ပြန်လည်ဆုတ်ခွာပေးရန်။
၃။ မိမိတို့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီတပ်မတော်မှ ချင်းအမျိုးသားတပ်ဦးCNဌာနချုပ် (Came Victoria နောက်ထပ်လေကြောင်းတိုက်ခိုက်မှုများမပြုလုပ်ရန်။
၄။ချင်းအမျိုးသားတပ်ဦး(CNP/A) လိုအပ်သော သေနတ်အလက် ၁၀၀ တစ်ရာ နှင့် ကျဉ်ဆံများ မိမိတို့တပ်မတော်မှ ထောက်ပံ့ပေးရန်။
၅။ မိမိတို့တပ်မတော်မှ MA-1. MK 111 5.56 mm Assault Rine အမျိုးအစားအလက် ၅၀၊ MA-2. MK II 5.56mm Light Machine Gun 20MA-3. MK II 5.56mm Sub Machine Gun засагброМА-4,МК 115.56 mm (40mm Launcher Attached) 20:09: အထောင့်၅၀,၀၀၀(ငါးသောင်း နှင့် ၇.၆၂ ၅၂ မမ ကျည်အမျိုးအစား ၃၀,၀၀၀(သုံးသောင်း) ကို ချင်းအမျိုးသားတပ်ဦး(CNFA) အားထောက်ပံ့ပေးရန် နှစ်ဘက်သဘောတူထားပါသည်ဟု ဖော်ပြပါရှိသည်။
အဆိုပါ စာချုပ်နှင့် ပတ်သက်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း NCA လမ်းကြောင်းကနေ ဆုတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘဲ နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေကြောင်း ဆလိုင်းထက်နီက ဆက်လက်ပြောကြားသည်။
ဆလိုင်းထက်နီက “ကျွန်တော်တို့က အာဏာသိမ်းပြီးနောက်ပိုင်း NCA လမ်းကြောင်းက ဆုတ်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေ ကိုလည်းလက်မခံလို့ ဒီနေ့အထိနွေဦးတော်လှန်ရေးမှာထဲထဲဝင်ဝင် ပါဝင်နေတာဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။
ထို့အပြင် လက်ရှိချင်းပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့များ အချင်းချင်းကြားတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ဆလိုင်းထက်နီအား ဆက်လက်မေးမြန်းရာ ၎င်းက “ ကျွန်တော်တို့ ချင်းအမျိုးသားတပ်ဦးက ချင်းအမျိုးသားရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းဖြစ်တယ်။ ဒါပေမယ့် နွေဦး တော်လှန်ရေးမှာ မြို့နယ်အလိုက် ဒေသအလိုက် ဆိုပြီးတော့ PDF တွေ အဖွဲ့တွေပေါ်လာတယ်။ အမျိုးသားရေးအကျိုးစီးပွားထက် သူတို့ရဲ့ ဒေသတစ်ခု အတွက် လုပ်နေတာမျိုးတွေ့ရတာပေါ့။ အဲ့သလို တွေ့တဲ့အခါ အခုလိုမျိုး မဟုတ် မမှန်သတင်းတွေ သူတို့ လုပ်နေတာလို့ ကျွန်တော်မြင်ပါတယ်”ဟု လည်း ပြောကြားခဲ့သည်။
CNF က ပထမဦးဆုံး စစ်ကောင်စီကင်းစင်ရေးနှင့် စစ်အုပ်ချုပ်ရေး အနီးကပ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် လုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။