Preview

NLD အဖွဲ့တစ်ဦးနှင့် ဒဂုံတက္ကသိုလ်ကျောင်းသူတစ်ဦး စစ်ကောင်စီ အကျဉ်းထောင်၌သေဆုံး

ကြိုင်ဟိန်းလင်း | ဇူလိုင် ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :913
ပြည်တွင်း သတင်း

ကြိုင်ဟိန်းလင်း‎‎နိရဉ္စရာ၊ဇူလိုင်၂၀/ ၂၀၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘီလင်းမြို့နယ် အလုပ်မှုဆောင်တစ်ဦးနှင့် ဒဂုံတက္ကသို့လ် ကျောင်းသူတစ်ဦးတို့သည် စစ်ကောင်စီ၏ အကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်‌ငံရေးအကျဉ်းသာများကွန်ရက် (PPNM) က ယနေ့တွင် ထုတ်ပြန်သည်။

PPNM ၏ထုတ်ပြန်ချက်တွင် နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင် အသက် (၄၄) နှစ်သည် ဇူလိုင်လ ၁၉ ရက်နေ့၊ နေ့လယ် (၁) နာရီတွင် သထုံအကျဉ်းထောင်၌ ကွယ်လွန်သွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင် (၂၅) နှစ်မှာ ယနေ့တွင် ကွယ်လွန်သွားသည်ဟု PPNM က ထုတ်ပြန်သည်။‎

နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင်ဖမ်းဆီးခဲ့ပြီး ပုဒ်မ၅၂(က)နှင့် ၅၀၅(က)ဖြင့် ဘီးလင်းအထူးတရားရုံးတွင် အမှုဖွင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ(၅)ရက်နေ့၌ ထောင်ဒဏ်(၆)နှစ်အမိန့်ချခဲ့ရသည်။

"ကိုပြည့်စုံအောင်မှာ သွေးတိုး၊ ဆီးချိုနှင့် နှလုံးသွေးကြောကျဉ်းရောဂါများကိုခံစားနေရသူတစ်ဦးဖြစ်ပြီး အာဇာနည်နေ့တွင် ကျဆုံးအာဇာနည်များအား အလေးပြုပြီးနောက် အကြောကတ်ကာ မေ့မျောခဲ့ပြီး နေ့လယ်(၁)နာရီအချိန်တွင် ကျဆုံးခဲ့ရသည်"ဟု PPNM ထုတ်ပြန်ချက်တွင် ပါရှိသည်။‎

သူသည် ဘီလင်းမြို့နယ် NLD အလုပ်မှုဆောင်တစ်ဦးဖြစ်ကြောင်းလည်း သိရှိရသည်။

blob
မဝတ်ရည်အောင်

ထို့အပြင် ဒဂုံတက္ကသိုလ်ကျောင်းသူ မဝတ်ရည်အောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်၏အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ ၂၀၂၁ ခုနှစ်၊စက်တင်ဘာလ ၁၄ ရက်နေ့တွင်ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (က) နှင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ပြီးနောက် ဒိုက်ဦးအကျဉ်းထောင်သို့ထောင်ပြောင်းရွှေ့ခဲ့သည်။

 ‎ထို့နောက် ဒိုက်ဦးထောင်မှအင်းစိန်ထောင်သို့ပြန်လည်ခေါ်ဆောင်၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှာ ပုဒ်မ ၅၂ (က)နှင့် ထောင်ဒဏ် ၄ နှစ်ထပ်မံကျခံခဲ့ရသည်။‎‎

ထိုသို့ထောင်ပြောင်းရွှေ့ခံရပြီးနောက် စစ်ကြောရေးတွင်နှိပ်စက်ခံရသည့်ဒဏ်ရာများကြောင့် ဦးနှောက်အကျိတ်တည်ဒဏ်ရာဖြင့် အချိန်ကြာမြင့်စွာသတိလစ်သွားခဲ့သေးသည်။‎

ထို့နောက် သူမအား အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ကာကုသခဲ့သော်လည်း ဒဏ်ရာအခံကြောင့် မကြာခဏတက်ခြင်း၊သတိ လစ်ခြင်း၊ နှလုံးရပ်ခြင်းများခကြာခဏဖြစ်ပေါ်ခဲ့သည်။

သူသည် အဆိုပါ‌ဒဏ်ရာများဖြင့်ပင် အင်းစိန်ထောင်တွင်း၌ ယ‌နေ့ဇူလိုင်လ (၂၀) ရက်တွင် ကွယ်လွန်သွားခဲ့ရကြောင်း သိရှိရသည်။‎‎

ယခုနှစ်အတွင်း အကျဉ်းထောင်များတွင် ကျန်းမာရေးကြောင့်ကျဆုံးခဲ့ရသူနိုင်ငံရေးအကျဉ်းသားအနည်းဆုံး (၁၃) ဦးထိရှိသည်ဟု PPNM က ဆိုထားသည်။

#နိုင်ငံရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.