နိရဉ္စရာ၊ ဇူလိုင်၂၄ /၂၀၂၅
မန္တလေးတိုင်း မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်းမှ လက်နက်များနှင့်အတူ စစ်ကောင်စီဒု-ဗျူဟာမှူးဟုယူဆရသူတစ်ဦးအပါအဝင် စစ်သား (၆)ဦး၏ရုပ်အလောင်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဇူလိုင်၂၄ရက်နေ့တွင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှထုတ်ပြန်ထားသည်။
၎င်း ဒု-ဗျူဟာမှူးဟုယူဆရသူမှာ DSA စစ်တက္ကသိုလ် အပတ်စဉ်(၅၄)ဆင်း ဖြိုးကျော်ဖြစ်သည်ဟု ဆိုသည်
၎င်းအလောင်းများကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ထိန်းချုပ်သိမ်းပိုက်ထားသော မတ္တရာမြို့နယ်ထန်းပင်ကုန်းကျေးရွာ၊ပုသိမ်ကြီးမြို့နယ်သရက်ကိုင်းကျေးရွာနှင့်မြကန်သာ ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါကျေးရွာများတွင်အကြမ်းဖက်စစ်ကောင်စီမှတန်ပြန်ထိုးစစ်ဆင်လျက်ရှိသော်လည်း တော်လှန်ရေးတပ်ဖွဲ့များမှအပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၅ခုနှစ်၊ဇူလိုင်လ (၂၁)ရက်နေ့မှဇူလိုင်လ(၂၄) ရက်နေ့အတွင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်အကြမ်းဖက်စစ်ကောင်စီအကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး နယ်မြေရှင်းလင်းမှုများပြုလုပ်စဉ် လက်နက်ခဲယမ်းအချို့ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ထူးခြားဖြစ်စဉ်အနေဖြင့်လောက်ကိုင်တွင်လက်နက်ချခဲ့သောလောက်ကိုင်ဒကစလက်အောက်ခံခလရ(၂၃၉)တပ်ရင်းသည်စစ်ကောင်စီ၏ပုသိမ်ကြီးမြို့နယ်အတွင်းတန်ပြန်ထိုးစစ်တွင်ပါဝင်လာခဲ့ကြောင်းသိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ၏အမှတ်တံဆိပ်အရသိရှိရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ပုသိမ်ကြီးမြို့နယ်နှင့်မတ္တရာမြို့နယ်တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီသည်၂၀၂၅ခုနှစ်ဇူလိုင်လ(၂၀)ရက်နေ့တွင်ဂျက်ဖိုက်တာ (၃)ကြိမ်နှင့်Y-12 (၁)ကြိမ်၊ဇူလိုင်လ (၂၁)ရက်နေ့တွင်ဂျက်ဖိုက်တာ (၄)ကြိမ်၊Y-12 (၃)ကြိမ်နှင့်Mi-35 (၂)ကြိမ်၊ဇူလိုင်လ (၂၂)ရက်နေ့တွင်ဂျက်ဖိုက်တာ (၃)ကြိမ်၊Y-12 (၂) ကြိမ်နှင့်Mi-35 (၁)ကြိမ်နှင့်ဇူလိုင်လ (၂၃)ရက်နေ့တွင်ဂျက်ဖိုက်တာ (၁)ကြိမ်နှင့်Y-12 (၁)ကြိမ်ကြဲချတိုက်ခိုက်ခဲ့ကာပြင်းပြင်းထန်ထန်တုံ့ပြန်လာခဲ့ကြောင်းသိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့်မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များသည်မည်သို့သောအခက်အခဲများနှင့်ဖိအားများရှိနေစေကာမူမိမိတို့၏ပန်းတိုင်သို့မမှိတ်မသုန်ဆက်လက် ချီတက်သွားမည် ဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားသည်။