သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၂၆/၂၀၂၅
တစ်ပတ်အတွင်း တအောင်းအမျိုးသားတပ်မတော်(TNLA)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၈၄ ဦးအထိ အလင်းဝင်ရောက်လာသည်ဟု စစ်ကောင်စီက ဝါဒဖြန့်ထုတ်ပြန်သည်။
ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၄ ရက်အထိ TNLA တပ်ဖွဲ့ဝင် လေးဦး၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA)တပ်ဖွဲ့ဝင် ၄၁ ဦး၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF)အဖွဲ့ဝင် ၃၉ ဦး၊ စုစုပေါင်း ၈၄ ဦး အလင်းဝင်ရောက်လာသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားချက်များအရ သိရသည်။
“သူတို့သည် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံလာခြင်းများကြောင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့သည်”ဟု ဆိုသည်။
စစ်ကောင်စီထံ အလင်းဝင်ရောက်လာသူများကို သက်ဆိုင်ရာမိဘများထံလွှဲပြောင်းပေးပြီး လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဟုလည်း စစ်ကောင်စီက ဆိုထားသည်။
TNLA ဦးဆောင်တိုက်ခိုက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီက ဇူလိုင် ၁၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့က MDY-PDF နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များသိမ်းပိုက်ထိန်းချုပ်ထားသည့် မန္တလေးတိုင်းရှိ သပိတ်ကျင်းမြို့ကိုလည်း ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။
ဇူလိုင် ၂၅ ရက်နေ့ကလည်း ကရင်တပ် KNU၊ KNLA နှင့် PDF များတိုက်ခိုက်နေသည့် ကရင်ပြည်နယ်မှ ထိုင်း-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းဖြစ်သည့် အာရှလမ်းမကြီးပေါ်ရှိ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကိုလည်း ပြန်လည်ထိန်းချုပ်လိုက်ပြီဟု စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းသို့ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့်နေရာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ယခုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ စစ်ကောင်စီထံ အလင်းဝင်လာသူများလာကြောင်း ဝါဒဖြန့်ထုတ်ပြန်နေခြင်းဖြစ်သည်။
ဓာတ်ပုံ - စစ်ကောင်စီထုတ်ပြန်ထားသည့်ပုံ။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။