(KNLA က ရဲဘော် ၂ ဦးကျဆုံး)
နိရဉ္စရာ၊ ဇူလိုင် ၂၇/ ၂၀၂၅
ပဲခူးတိုင်း မူးမြို့နယ် စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ထက်မနည်းသေဆုံးပြီး ၂၀ ထက် မနည်းထိခိုက်ဒဏ်ရာရရှိကာ လက်နက်အများအပြားကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNLA)မှ သိမ်းဆည်းရမိသည်ဟု သတင်းရရှိသည်။
အဆိုပါတိုက်ပွဲများအတွင်း KNLA မှ ရဲဘော် ၂ ဦး မြင့်မြတ်စွာကျဆုံးခဲ့ကာ ရဲဘော်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ(ဗဟို)က ယနေ့ ဇူလိုင် ၂၇ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းပြင်လက်နက်ကြီး လက်နက်ငယ်များ၊ ခဲယမ်းများနှင့်စစ်သုံးဆက်စပ်ပစ္စည်းများစွာကို သိမ်းပိုက်ရရှိခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦး ကျော် သေဆုံးကာ၊ (၂၀)ဦးထက်မနည်းထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ကျန်စစ်ကောင်စီတပ်သားများမှာ စခန်းများမှ စွန့်ခွာထွက်ပြေးခဲ့ကြသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကေအဲန်ယူ(ဗဟို)၏ ထုတ်ပြန်ချက်ထဲတွင် “ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာနှင့် လည်ပတ်ကျေးရွာများတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNLA တပ်ရင်း(၉) နှင့် (၈) ဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးပူးပေါင်းတပ်များမှ ဇူလိုင်လ (၂၅)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင်၎င်းတိုက်ပွဲများအတွင်း ပိတ်မိနေသည့် အကြမ်းဖက်စစ်ကောင်စီတပ် မိသားစုဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။