နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈/၂၀၂၅
အကြမ်းဖက် စစ်ကောင်စီသည် မိုးကုတ်၊ နောင်ချိုနှင့် ကျောက်မဲမြို့နယ်တို့အား ဇူလိုင် (၂၆) ရက် တစ်ရက်တည်း အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သည့် အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်သဖြင့် အရပ်သား၂ ဦးသေဆုံးပြီးအနည်းဆုံး၆ ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။
ဇူလိုင် ၂၆ ရက်နေ့က မိုးကုတ်ကို ဗုံးကြဲတိုက်ခိုက်သဖြင့် တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိ သွားခဲ့ကြောင်း၊ နောင်ချို့မြို့နယ်မှ ကျေးရွာတစ်ရွာအားလည်း ဗုံးကြဲသဖြင့် အရပ်သား ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါနေ့တွင်ပင် ဆက်လက်၍ ကျောက်မဲမြို့နယ်က ကျေးရွာတစ်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သား တစ်ဦး သေဆုံးသွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ရာ၌ ဖော်ပြထားသည်။
မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေလိပ်ပြာဟိုတယ်အား ဇူလိုင်၂၆ ရက် ယနေ့ ညနေ ၄နာရီ ၅၈မိနစ် အချိန်တွင် လေကြောင်းကနေပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဟိုတယ်အဆောက်အဦတစ်ချို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်ဟုသိရသည်။
အလားတူ ဇူလိုင်၂၆ ရက် မွန်းလွဲ၂နာရီအချိန်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ်၊ နောင်ပိန်းကျေးရွာဘက်ကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် တိုက်ပွဲရှောင်နေသည့် အသက် (၃၀)နှစ်အရွယ် ဦးအေးနောင်ကို ကျည်စထိမှန်ပြီးသေဆုံးသွားခဲ့သည်။
ဇူလိုင်၂၆ ရက်နေ့ ည ၁၁နာရီ ၂၇မိနစ်အချိန်တွင် နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထု (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်ဟုသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းဖြစ်စဉ်များအပြင်ပြီးခဲ့သည့် ဇူလိုင်လ (၉)ရက်နေ့လည်း မိုးကုတ်မြို့၊ ပန်မထိပ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများတည်ရှိရာကို လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် (၂)ဦးသေဆုံးပြီး နောက်ထပ်(၂)ဦးအပါအဝင် (၈)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၇)အိမ်လည်း ထိမှန်ပျက်စီးခဲ့သည်ဟုသိရသည်။
ကျောက်မဲမြို့တွင်လည်းဇူလိုင်လ ၄ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင်လ ၅ရက်နေ့တွင်(၂)ကြိမ်၊ ဇူလိုင်လ ၁၁ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင်လ ၁၃ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် (၁)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ပြည်သူလူထုများတည်ရှိရာကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦး သေဆုံးသွားခဲ့ပြီး (၁၅)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၃၄)အိမ်၊ အဆောက်အဦး (၅)လုံးနှင့် စာသင်ကျောင်း (၁)ကျောင်းတို့ကို ထိမှန်ပျက်စီးသွားခဲ့သည်ဟုTNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။