Preview

ကျောက်ကြီးမြို့နယ်လပတ်ကျေးရွာတွင် လသားအရွယ်ကလေးများအအပါဝင် အပြစ်မဲ့ပြည်သူ ၁၃ ဦးကို  KNLA နှင့် PDFတို့က သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာများတွင် စွပ်စွဲဖော်ပြ

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၂၈/ ၂၀၂၅ | ကြည့်ရှုသူ :2364
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂၈/ ၂၀၂၅

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊လပတ်ကျေးရွာတွင် လူမမည်ကလေးငယ်များနှင့်သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ပြည်သူ ၁၃ ဦးကိုကရင်အမျိုးသားတပ်မတော်(NLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က လက်နက်ငယ်များ၊ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းယနေ့ထုတ် စစ်ကောင်စီသတင်းစာများတွင် စွပ်စွဲဖော်ပြထားသည်။

၎င်းပြင်အရပ်သား ၁၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။ 

KNLA နှင့် PDF တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၅ ရက် နံနက် ၁ နာရီခန့်တွင် လပတ်ကျေးရွာ၏အနောက်မြောက်ဘက်နှင့် အရှေ့ ဘက်တို့မှ ဝင်ရောက်လာပြီး ကျေးရွာအတွင်းမှလူမမည် ကလေးငယ်များနှင့် သက်ကြီး ဘိုးဘွားများအပါအဝင် အပြစ်မဲ့ ရွာသူ၊ရွာသားများအား လက်နက် ငယ်များဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးဓားများဖြင့် ခုတ်ဖြတ်သတ်သွားခဲ့သည်ဟုဖော်ပြသည်။

ထိုသို့သတ်ဖြတ်ခဲ့မှုကြောင့် အသက်၁၀လသားအရွယ်ကလေး ငယ်တစ်ဦး၊ အသက် ၃ နှစ်အရွယ်ကလေးငယ် နှစ်ဦး၊ အသက် ၄ နှစ် အရွယ်ကလေးငယ် တစ်ဦး၊ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၃ဦး သေဆုံးခဲ့သည်ဟုဖော်ပြထားသည်။

၎င်းအပြင်အသက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက် ၁၀ နှစ်အရွယ်ကလေးငယ် တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား သုံးဦး၊ အမျိုးသမီး ၁၂ ဦးစုစုပေါင်း ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုစွပ်စွဲ ဖော်ပြထားသည်။

KNLA နှင့် PDF တို့အနေဖြင့် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော အပြစ်မဲ့ရွာသူ၊ ရွာသားများအားယခုကဲ့သို့ ဆင်ခြင်တုံတရား မဲ့စွာဖြင့် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းသည် ဂျီနီဗာ ကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War (War Crime) ကို ကျူးလွန်ခြင်းဖြစ်သည်ဟုလည်းစစ်ကောင်စီပိုင်သတင်းစာများဖော်ပြထားသည်။

အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်ပြီး KNU ပြောခွင့်ရသူ ဖဒိုစောတောနီကိုနိရဉ္စရာသတင်းဌာနမှ မေးခွန်းပို့ထားသလိုဖုန်းဖြင့်ဆက်သွယ်ရာတွင်လည်း ဖုန်းမကိုင်သေးသဖြင့်KNU/KNLA ၏ တုံ့ပြန်မှု အပေါ် တင်ပြနိုင်ခြင်း မရှိသေးပါ။

ကေအဲန်ယူ-ဗဟို၏  ဇူလိုင်လ ၂၇ရက်နေ့ထုတ်ပြန်ချက်ထဲတွင် ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာနှင့် လည်ပတ်ကျေးရွာများတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၉) နှင့် (၈) ဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးပူးပေါင်းတပ်များမှ ဇူလိုင်လ (၂၅)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟုဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း လက်နက်ကြီး လက်နက်ငယ်များ၊ ခဲယမ်းများနှင့်စစ်သုံးဆက်စပ်ပစ္စည်းများစွာကို သိမ်းပိုက်ရရှိခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦး ကျော် သေဆုံးကာ၊ (၂၀)ဦးထက်မနည်းထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ကျန်စစ်ကောင်စီတပ်သားများမှာ စခန်းများမှ စွန့်ခွာထွက်ပြေးခဲ့ကြသည်ဟုဖော်ပြထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲများအတွင်း မိမိတို့တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်(၂)ဦးမြင့်မြတ်စွာကျဆုံး၍ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင်၎င်းတိုက်ပွဲများအတွင်း ပိတ်မိနေ‌‌သည့် အကြမ်းဖက်စစ်ကောင်စီတပ် မိသားစုဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်ဟုဖော်ပြထားသည်။

#စစ်ဘေး#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.