နိရဉ္စရာ၊ဩဂုတ်၃/ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းတောင်တန်းနယ်တွင်လူနည်းစုအခွင့်အရေးအတွက်လက်နက်ကိုင်တော်လှန်နေသည့်ကူကီး-ချင်းအမျိုးသားတပ်ဦး ( Kuki-Chin National Front) နှင့်အာရက္ခတပ်တော်( AA) တို့အကြားဆက်နွယ်မှုရှိနေကြောင်းဘင်္ဂလားဒေ့ရှ်ထိပ်တန်းစစ်အရာရှိတစ်ဦးကထုတ်ဖော်ပြောကြားလိုက်သည်။
လွန်ခဲ့သည့်ကြာသပတေးနေ့ကဒါကာမြို့ရှိစစ်တပ်ဌာနချုပ်တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်KNF နှင့်AA အကြောင်းကိုသတင်းထောက်တစ်ဦးကမေးမြန်းစဉ်ဘင်္ဂလားဒေ့ရှ်စစ်တပ်စစ်ရေးစစ်ဆင်ရေးမှူးဒါရိုက်တာဗိုလ်မှူးချုပ်Md Nazim-Ud-Daula ကထိုသို့ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF) သည်အာရက္ခတပ်တော်ထံမှလက်နက်များရယူပြီးစစ်တကောင်းတောင်တန်းနယ်တွင်သူ၏ဩဇာနယ်ပယ်ကိုချဲ့ထွင်ရန်ကြိုးပမ်းနေမှုအပေါ်သတင်းထောက်တစ်ဦးကမေးမြန်းခဲ့သည်။
ဗိုလ်မှူးချုပ်Md Nazim-Ud-Daula က“သူတို့ရဲ့လူမျိုးစုအကြားမှာအယူဝါဒတူညီကြတာကြောင့်KNF နဲ့AA တို့အကြားဆက်နွှယ်မှုကအံ့သြစရာမဟုတ်ပါဘူး” ဟုပြောသည်။
၎င်းပြင်သူကထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအပြောင်းအလဲအချို့ရှိသော်လည်းKNF သည်လွှမ်းမိုးချုပ်ကိုင်ရန်ကြိုးပမ်းမှုမှာမအောင်မြင်ဘဲသူတို့၏စိုးမိုးမှုမှာသိသိသာသာကျဆင်းသွားကြောင်းမှတ်ချက်ပြုခဲ့သည်။
“အစောပိုင်းကKNF နဲ့တိုက်ပွဲတွေကြောင့်ဘင်္ဂလားဒေ့ရှ်စစ်သားရှစ်ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမယ့်မကြာသေးခင်လပိုင်းတွေမှာတော့ဒီလိုဖြစ်စဉ်တွေသိသိသာသာလျော့ကျသွားခဲ့ပါတယ်” ဟု၎င်းကဆက်လက်ပြောသည်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်ကများမကြာခင်ကပြုလုပ်သည့်စစ်ဆင်ရေးနှင့်KNF တပ်ဖွဲ့ဝင်အများအပြားကျဆုံးခဲ့ပြီး ၎င်းတို့၏အခြေစိုက်စခန်းအများအပြားဖျက်ဆီးခံခဲ့ရသည်ဟုဆိုသည်။
KNF သည်ယခုအခါခုခံနိုင်စွမ်းမရှိတော့ပါကြောင်း၊ပူးပေါင်းကြိုးပမ်းမှုများဖြင့်KNF ကိုလိုအပ်သလို ဖြစ်နိုင်သလိုအမြစ်ဖြတ်ရန်ကျွန်ုပ်တို့အခိုင်အမာယုံကြည်ပါကြောင်း၊ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုတွင်မည်သည့်လက်နက်ကိုင်အဖွဲ့၏လွှမ်းမိုးချုပ်ကိုင်မှုကိုမျှလက်မခံနိုင်ပါကြောင်း၎င်းဗိုလ်မှူးချုပ်ဆက်လက်ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်သည်အဆိုပါသတင်းစာရှင်းလင်းပွဲတွင်စစ်တကောင်းတောင်တန်းနယ်တွင်ပေါ်ပေါက်နေသည့်လူနည်းစုလက်နက်ကိုင်တပ်များဖြစ်ကြသည့်UPDF နှင့်JSS အပါအဝင်အဖွဲ့အသီးသီးအကြောင်းကိုလည်းထည့်သွင်းပြောကြားသွားခဲ့သည်။
အဆိုပါနေ့က ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသည် ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ ဗိုလ်မှူး Sadique ကိုဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ပတ်သက်ပြီး အဓိက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲဖြစ်သည်။
၎င်းဗိုလ်မှူးသည် ယခင်ဝန်ကြီးချုပ်ဟောင်းဦးဆောင်သည့် ပါတီ အဝါမီလိဂ်မှ ပါတီဝင်များကို နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများပြုလုပ်ရန်အတွက် သင်တန်းပေးမှုဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်။
မြို့တော်ဒါကာတွင်ပိတ်ပင်ခံထားရသော အဝါမီလိဂ်ပါတီ၊ ၎င်း၏ လက်အောက်ခံChhatra League ကျောင်းသားပါတီနှင့် အခြားဆက်စပ်အဖွဲအစည်းများမှ ခေါင်းဆောင်များနှင့်တက်ကြွလှုပ်ရှားသူလူ ၃၀၀ မှ ၄၀၀ ခန့် ကွန်ဗင်းရှင်းစင်တာတစ်ခုတွင် “လျှို့ဝှက်အစည်းအဝေး” တစ်ခုပြုလုပ်ပြီးလက်ရှိ အစိုးရကို ဖြုတ်ချရန်နှင့် ယခင် ဝန်ကြီးချုပ်ဟောင်း အာဏာပြရရန် စည်းဝေးခဲ့ကြသည်။
၎င်းပြင် ကြားဖြတ် အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကိုကြွေးကြော်ခဲ့ကြသည်ဟုဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အစည်းအဝေး တက်ရောက်သူ ၂၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး အခြေအနေမှာ ရှုပ်ထွေးနေပြီး ပါတီများအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကာ များမကြာမီ ရွေးကောက်ပွဲကျင်းပရန်ရှိနေသဖြင့် အခြေအနေမှာ ပိုမိုရှုပ်ထွေးလာနိုင်သည်ဟု သုံးသပ်မှုတချို့က ပြောဆိုကြသည်။
ကူကီး-ချင်းအမျိုးသားတပ်ဦး ( Kuki-Chin National Front) နှင့်အာရက္ခတပ်တော်( AA) တို့အကြားဆက်နွယ်မှုရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ် ပြောဆိုမှုနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခအား မေးမြန်းထားသော်လည်း ပြန်လည်တုန့်ပြန် ဖြေကြားမှု မရှိသေးသဖြင့် AA ဘက်က သဘောထာားကို တင်ပြနိုင်ခြင်း မရှိပါ။