Preview

ဆော်ဒီအာရေဗျနိုင်ငံတွင်ကျင်းပသည့် PUBG ပြိုင်ပွဲ၌ မြန်မာအသင်း ကမ္ဘာ့ချန်ပီယံဖြစ်လာ

ပိုးဝါ | သြဂုတ် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :244
ပြည်တွင်း သတင်း

ပိုးဝါ၊ နိရဉ္စရာ၊ ဩဂုတ် ၅/၂၀၂၅

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့၌ ကျင်းပခဲ့သည့် PUBG Mobile World Cup(PMWC) ပြိုင်ပွဲ၌ မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် Yangon Galacticos အသင်းသည် ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ငါးသိန်းလေးသောင်းခုနှစ်ထောင်(၅၄၇,၀၀၀)ကို ရရှိခဲ့သည်။

ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များ၌ Yangon Galacticos အသင်းက ပွဲစဉ် ၁၈ ပွဲကစားပြီး ရမှတ်စုစုပေါင်း ၁၅၇ မှတ် ရရှိကာ ကမ္ဘာ့ချန်ပီယံဆုကို ရရှိခြင်းဖြစ်သည်။

စုစုပေါင်း ဆုကြေး အမေရိကန်ဒေါ်လာ သုံးသန်းကျော်ပေးအပ်သည့် PMWC ပြိုင်ပွဲတွင် Yangon Galacticos အသင်းက ချန်ပီယံဆုကြေး ဒေါ်လာငါးသိန်းနှင့် အုပ်စုအဆင့်ဆုကြေး ဒေါ်လာလေးသောင်းကျော်၊ စုစုပေါင်း ကန်ဒေါ်လာ ၅၄၇,၀၀၀ ကို ရရှိခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည့် Yangon Galacticos အသင်းသည် E-sports ပြိုင်ပွဲများ၌ ကမ္ဘာ့ချန်ပီယံဆု ရယူနိုင်သည့် ပထမဆုံး မြန်မာ E-sports အသင်းအဖြစ်လည်း မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။

blob

အဆိုပါ ပြိုင်ပွဲတွင် စုစုပေါင်း ၁၆ သင်းပါဝင်ခဲ့သည်။

ပြိုင်ပွဲနောက်ဆုံးနေ့တွင် မွန်ဂိုလီးယားနိုင်ငံမှ Alpha Gaming နှင့် တရုတ်နိုင်ငံမှ Weibo Gaming အသင်းတို့ကို ကျော်ဖြတ်ကာ အမှတ် ၁၅၇ မှတ်ဖြင့် အဆင့်တစ်တွင် ရပ်တည်ပြီး ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Esports ပြိုင်ပွဲများ၌ မြန်မာကိုယ်စားပြုအနေဖြင့် ယှဉ်ပြိုင်ခဲ့ဖူးသည့် အသင်းများစွာရှိပြီး ဗိုလ်လုပွဲကို မြန်မာအသင်းအနေဖြင့် နှစ်ကြိမ် ရောက်ရှိခဲ့ဖူးသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် Mobile Legend: Bang Bang(MLBB) M2 ပြိုင်ပွဲ၌ မြန်မာအသင်း Burmese Ghouls သည် ဖိလစ်ပိုင်အခြေစိုက် အသင်းဖြစ်သည့် Bren Esports ကို ၃ း ၄ ရလဒ်ဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ချန်ပီယံဆုနှင့် လွဲချော်ခဲ့ပြီး ဒုတိယသာ ရရှိခဲ့သောကြောင့် YG အသင်းသည် မြန်မာ Esports လောကတွင် ကမ္ဘာ့ချန်ပီယံအဖြစ် ဗိုလ်စွဲနိုင်သည့် ပထမဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို၌ ကျင်းပခဲ့သည့် Esports ပြိုင်ပွဲများတွင် မြန်မာကိုယ်စားပြုအနေဖြင့် အမျိုးသား နှစ်သင်း၊ အမျိုးသမီး တစ်သင်း သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

MLBB ၏ Mid-Season-Cup(MSC) ပြိုင်ပွဲတွင် မြန်မာအသင်း Mythic Seal သည် အဆင့်ရှစ်သာရရှိခဲ့ပြီး Mobile Legend World Cup(MWC) Women’s Invitational ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း Terror Queens သည် တတိယဆုရရှိခဲ့သည်။

ဓာတ်ပုံ- PMWC/ Esports World Cup

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.