Preview

ကျောက်မဲမြို့ကို စစ်ကောင်စီလေတပ် ဗုံးကြဲ၍ နှစ်ရက်အတွင်း လေးဦးသေဆုံးပြီး ၂ဝ ကျော်ဒဏ်ရာရ

မောင်စာဂ | ဇန်နဝါရီ ၂၈/ ၂၀၂၅ | ကြည့်ရှုသူ :101
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ  ၂၈/၂ဝ၂၅

ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲမြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ နှစ်ရက်အတွင်း လေးဦးသေဆုံးပြီး ၂ဝ ကျော်ဒဏ်ရာရသွားသည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (TNLA)က သတင်းထုတ်ပြန်ထားသည်။

PSLF/TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့ကို ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နှင့် ဇန်နဝါရီလ ၂၅ ရက်တို့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့က ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့သည်ဟု PSLF/TNLA က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

“စစ်ကောင်စီတပ်သည် လေကြောင်း အသုံးပြုပြီး ယနေ့ နေ့လယ် (၂း၁၈) နာရီအချိန်တွင် ကျောက်မဲမြို ညဈေးတန်းနှင့် ခရိုင်ရုံးပေါ်တွင်  ဗုံးထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ဗုံးပေါက်ကွဲမှု‌ကြောင့် နေအိမ် (၅)လုံးထက်မနည်း ထိမှန်ပျက်စီးသွားခဲ့သည်”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဇန်နဝါရီလ ၂၅ ရက်က ဖြစ်စဉ်အတွင်း CDM ဆရာမနှစ်ဦးနှင့် လူနာ တစ်ဦး၊ စုစုပေါင်း သုံးဦးသေဆုံးပြီး ကျန်းမာရေးဝန်ထမ်းများ၊ CDM ဆရာဝန်ထမ်းများ၊ လူနာများ အရပ်သားများ စုစုပေါင်း ၂ဝ ကျော် ဒဏ်ရာရသွားခဲ့သည်ဟု PSLF/TNLA က ယင်းနေ့တွင် ထုတ်ပြန်ထားသည်။

ယင်းနေ့က စစ်ကောင်စီသည် ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို လေကြောင်းမှ နှစ်ကြိမ်တိုင် ဗုံးလေးလုံးကြဲချခဲ့သည့်အတွက် CDM ဆရာမများ၊ လူနာများ၊ ကျန်းမာရေးဝန်ထမ်းများ ထိခိုက်သေဆုံးမှုရှိခဲ့ကြခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက ယခုကဲ့သို့ အရပ်သားပြည်သူများ ဆေးကုသနေသည့် ကျောက်မဲပြည်သူ့ဆေးရုံပေါ် ဗုံးကြဲတိုက်ခိုက်သည့်လုပ်ရပ်အားပြင်းထန်စွာရှုတ်ချသည်ဟုလည်း PSLF/TNLA က ဇန်နဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်လည်း PSLF/TNLA ထိန်းချုပ်ရာ ရှမ်းပြည်မြောက်ပိုင်းရှိ နောင်ချိုမြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူကိုးဦးသေဆုံးပြီး သုံးဦး ထိခိုက် ဒဏ်ရာရရှိကာ  နေအိမ်အ‌ဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - ကျောက်မဲမြို့အား စစ်ကောင်စီက နှစ်ရက်ဆက်တိုက်ဗုံးကြဲခဲ့၍ ပျက်စီးသွားခဲ့သည့်မြင်ကွင်းများ။ (Photo - PSLF/TNLA)


blob
Photo - PSLF/TNLA



#ဗုံးကြဲတိုက်ခိုက်#စစ်ကောင်စီ#ရှမ်းပြည်မြောက်ပိုင်း#ကျောက်မဲမြို့# CDM
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.