သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇန်နဝါရီ ၄/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့မှ ဆေးကုသ၍ ပြန်လာသည့်သက်ကြီးပိုင်းအမျိုးသား၄ ဦးကို တင်ဆောင်လာသော ကားတစ်စီးကို စစ်ကောင်စီကျောက်တစ်လုံးစစ်ဆေးရေးဂိတ်မှ တားဆီးကာ ယာဉ်မောင်းနှင့်ကားကိုဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူမှာ ရမ်းဗြဲမြို့နယ်၊ရမ်းသစ်ကြီးရွာမှ ကိုစိုင်းဝေဖြိုး အသက် ( ၃၁) နှစ် ဖြစ်သည်။
ဇန်နဝါရီ ၂ရက်နေ့က ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်တွင် အဆိုပါကားကို တားဆီးကာ ယာဉ်မောင်းကို ဖမ်းဆီးလိုက်ပြီး ခမရ-၅၄၃ ကို ခေါ်ဆောင်သွားသည်ဟုကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
" သူတို့ကဒီဇင်ဘာလအတွင်းက ရမ်းဗြဲကနေကျောက်ဖြူကို လူနာတွေနဲ့အတူ ဆေးကုဖို့လာခဲ့တာ။အခုအဖမ်းခံရတဲ့ ယာဉ်မောင်းက အရင်ကတည်းက ကျောက်ဖြူနဲ့ နယ်ကိုအသွားအပြန်လုပ်နေတဲ့သူပါ။ ကားကိုလည်း လက်တလောသိမ်းဆည်းထားတယ်စစ်ကောင်စီက" ဟုပြောသည်။
၎င်းကားပေါ်တွင်လိုက်ပါလာသည့်သက်ကြီးပိုင်း လူနာအမျိုးသား ၄ ဦးအားငွေညှစ်ပြီး ပြန်လွတ်ပေးလိုက်သည်ဟု ၎င်းကနိရဉ္စရာ ကိုပြောသည်။
" အစကတော့ ၅ယောက်လုံးကိုဖမ်းတယ်။ ပြီးမှ ယာဉ်မောင်းတစ်ယောက်ထဲကို ဖမ်းပြီးကျန်တဲ့လေးယောက်ကိုလွတ်လိုက်တယ်။ ငွေညစ်ပြီးပြန်လွတ်ပေးလိုက်တာ" ဟုပြောသည်။
လူနာ ၄ ဦးမှာ တောင်ကုတ်ဒေသခံများဖြစ်ပြီး ရမ်းဗြဲမှတဆင့် ကျောက်ဖြူမြို့သို့ ဆေးလာကုခြင်းဖြစ်သည်။
ကျောက်တလုံးစစ်ဆေးရေးဂိတ်သည် ကျောက်ဖြူမြို့တွင် အစစ်အဆေးကြမ်းသည့် ဂိတ်တခုဖြစ်ကာ အဆိုပါဂိတ်တွင် စစ်သင်တန်းဆင်းမွတ်ဆလင်များအပါအဝင် စစ်သားနှင့်ရဲများ အင်အားအပြည့်ဖြည့်ထားကြောင်း သိရသည်။
ယခင်ကလည်း ကျောက်တလုံးစစ်ဆေးဂိတ်တွင် အမျိုးသမီးများ ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှုများ၊ ဖမ်းဆီး ငွေညှစ်မှုများပြုလုပ်သည့် ဂိတ်တခုဖြစ်သည်။
ကျောက်တလုံးစစ်ဆေးရေးဂိတ်ပြီးလျှင် ရဲတပ်ရင်း (၃၂)ဂိတ်ရှိပြီး လက်ရှိတွင် ၎င်းဂိတ်ကို ဖြတ်သန်းခွင့် လုံးဝပိတ်လိုက်ပြီဟု သိရသည်။