ရန်ကုန်-စစ်တွေသို့ပြေးဆွဲလာသည့် ကစ္ဆပခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုဖြစ်ပွား


ဆောင်းဇာခြည် | နိရဥ္စရာ၊ ဇွန် ၄/ ၂ဝ၁၉ 

ရန်ကုန်-စစ်တွေသို့ပြေးဆွဲနေသည့် ကစ္ဆပအမည်ရှိ ခရီးသည်တင် အမြန်ယာဉ်ဘတ်စ်ကားတစ်စီးသည် မကွေးတိုင်းဒေသကြီးသို့ အရောက်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါယာဉ်လိုင်းထံမှ သိရသည်။

အဆိုပါ ခရီးသည်တင်ကားသည် ဇွန်လ ၃ ရက်နေ့တွင် ရန်ကုန်မှ စစ်တွေသို့ ထွက်ခွာလာစဉ် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မဲဇလီကျေးရွာအနီးသို့ ယင်းနေ့ညနေ ၅ နာရီအချိန်ခန်၌ လမ်းချော်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ 

"မိုးကလည်းရွာနေတယ်။ လမ်းကလည်းနည်းနည်းတော့သိပ်မကောင်းချင်ဘူးပေါ့နော်။ ပြီးတော့ လမ်းအကွေ့အကောက်ဆိုတော့ ကားသမားကလည်း တက်ချင်သလိုတက်လို့ရတာမှမဟုတ်တာ။ ဘေးနံကြည့် ချိန်ဆပြီးတော့တက်ရတယ်။ အဲတော့နည်နည်းလွဲချော်မှုလေးဖြစ်သွားရုံပါပဲ။"ဟု ကစ္ဆပယာဉ်လိုင်းမှ မန်နေဂျာ ဦးအောင်တင်က နိရဥ္စရာသို့ ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်တွင် လိုက်ပါလာသည့် ခရီးသည် စုစုပေါင်း ၁၂ ဦးအနက် အမျိုးသမီးတစ်ဦးတွင် နားပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ယာဉ်မောင်းအား လောလောဆယ်အရေးယူထားခြင်းများမရှိသော်လည်း သက်ဆိုင်ရာများက ခေါ်ယူမေးမြန်း ခြင်းများသာရှိပြီး ယခင်ကလည်း ထိုလမ်းတွင် ယာဉ်တိမ်းမှောက်မှုများရှိခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - ထွန်းလင်းအောင် (မဲဇလီ)

Share: