အင်္ဂါ၊ မတ်လ ၁၉ရက်၊ ၂၀၂၄

စပါးထားကျေးရွာဖြစ်စဉ်အပြီး လူဦးရေ ၂ဝဝ ခန့် မင်းပြားမြို့ပေါ်သို့ ထွက်ပြေးလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 8.1k

မာန်ယုကျော် (ရွှေဝမြေ) | နိရဥ္စရာ၊ ဇွန် ၄/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် ယမန်နေ့က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုဖြစ်စဉ်အပြီး မင်းပြားမြို့ပေါ်သို့ လူဦးရေ ၂ဝဝ ခန့်ထွက်ပြေးရောက်ရှိလာကြောင်း ဒေသခံများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ထွက်ပြေးလာသူများမှာ မင်းပြားမြို့နယ်မှ စပါးထားကျေးရွာနှင့် ဘိတ်တောင်ကျေးရွာတို့မှဖြစ်ပြီး သူတို့သည် မင်းပြားမြို့ပေါ်ရှိ ရေတံခွန် သင်္ဂုတ္တရကျောင်းတိုက်သို့ ဇွန်လ ၃ ရက်နေ့နှင့် ဇွန်လ ၄ ရက်(ယနေ့)နံနက်ပိုင်းတို့တွင် ထွက်ပြေးလာကြခြင်းဖြစ်သည်။

စပါးထားကျေးရွာမှ ထွက်ပြေးလာသူ အသက် ၁၈ နှစ်အရွယ် မခင်ခင်သိန်းက "ရွာမှာ တိုက်ပွဲဖြစ်နေလို့ မနေရဲတော့လို့ အခုလို ထွက်ပြေးလာပါ။ မနေ့ကဆိုလည်း ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးကျည်ကျလို့ လူတွေ သေပြီး ဒဏ်ရာရခဲ့ကြတယ်လေ။ ဒါကြောင့် ရွာမှာလည်း လူတွေတစ်ယောက်မှ မနေရဲတော့ဘူး။"ဟု နိဥ္စရာသတင်းဌာနသို့ ယနေ့ နံနက်ပိုင်းက ပြောသည်။

ထွက်ပြေးရောက်ရှိလာနေသူဦးရေမှာ ၂ဝဝ ခန့်ရှိပြီဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုသော်လည်း ဒေသတွင်းသတင်းများအရ လူဦးရေ ၂၃ဝ ကျော်သွားပြီဟုဆိုသည်။

လက်ရှိတွင် ထွက်ပြေးလာသူများ၏လိုအပ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းငြိမ်းနိုင်ကိုယ်တိုင် မြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများအပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့် ပေါင်းစပ် ညှိနှိုင်း ကူညီပေးမှုများ ရှိနေသည်ဟုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းငြိမ်းနိုင်က နိရဥ္စရာသတင်းဌာနကိုပြောသည်။

"သူတို့တွေအတွက် လိုအပ်တာမှန်သမျှကို ကျနော်တို့က ပရဟိတအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေနဲ့ အိမ်သာကအစ ကူညီပေးနေပါတယ်။"ဟု ဦးထွန်းငြိမ်းနိုင်က ဆိုသည်။

စပါးထားကျေးရွာဖြစ်စဉ်ဖြစ်ပွားအပြီးတွင် မင်းပြားမြို့နယ် မင်းဖူးကျေးရွာနှင့် ပုလဲတောင် ကျေးရွာ ဒေသခံအများအပြားလည်း ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြကြောင်း ပုလဲတောင်ကျေးရွာဒေသခံ ကိုခိုင်မျိုးလင်းက နိရဥ္စရာသို့ပြောသည်။

သို့သော် မင်းပြားမြို့နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးလာသူများမှာ စပါးထားကျေးရွာနှင့် ဘိတ်တောင်ကျေးရွာနှစ်ရွာသာရှိပြီး အခြားရွာများ ထွက်ပြေးသွားသည်မှာ မဟုတ်မှန်ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ငြင်းဆိုသည်။

မင်းပြားမြို့နယ် စပါးထားကျေးရွာတွင် ယမန်နေ့ညနေ ၂ နာရီကျော်အချိန်က ရွာသားများစုဝေးနေသည့် ရွာဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၆ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူ ၈ ဦးအနက် ဒဏ်ရာပြင်းထန်သူ ၅ ဦးအား စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်းလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။


ဆက်စပ် သတင်းများ