ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မိုးစရွာသည်နှင့် စစ်တွေမြို့လမ်းတစ်ချို့ရေမြုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 8.2k

သိန်းဇော် (မောင်တော) | စစ်တွေ၊ ဇွန် ၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ နေ့လယ်က  မိုးစရွာသွန်းသည်နှင့် တစ်ပြိုင်နက်တည်း လမ်းတစ်ချို့ ရေနစ်မြုပ်ခဲ့သလို အိမ်တစ်ချို့နှင့် စျေးဆိုင်တစ်ချို့ကိုလည်း ရေကျော်ဝင်ရောက်ခဲ့မှုရှိခဲ့သဖြင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ရေဝင်ပြီး စျေးဆိုင်ခန်းများ ပိတ်ထားခဲ့ရကြောင်း စစ်တွေမြို့ ရူပတောင်ရပ်ကွက် ထီးတန်းလမ်းတွင် ဆိုင်ရောင်းနေသူ ကိုစိုးနိုင်က နိရဥ္စရာသတင်းဌာန သို့ ပြောသည်။

သူက “တော်တော်လေးကို စိတ်ပျက်မိတယ်ဗျ။ မိုးကဆက်တိုက် မနားတမ်းရွာလိုက်တော့ လမ်းတွေ မြုပ်တယ်။ ကားတွေသွားရင် လမ်းပေါ်က ရေတွေ လှိုင်းဖြစ်ပြီး   ဆိုင်ခန်းထဲရေဝင်တယ်။ အခု မတတ်နိုင်တဲ့ဆုံး ဆိုင်ပစ်ထားရတယ်။ အိမ်ပြန်ရောက်တော့ အိမ်မှာလည်းရေအပြည့်။ မြောင်းက ရေမဆင်းဘူး ဖြစ်နေတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ ရေမြောင်းတွေကို စနစ်တကျမလုပ်လို့ အခုလိုဖြစ်တာလို့မြင်ပါတယ်”ဟု ပြောသည်။

စစ်တွေမြို့သည် အင်ဂျင်နီယာ နည်းပညာများနှင့် တည်ဆောက်ထားသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုကဲ့သို့ ရေကြီး ရေလျှံမှုမှာ မဖြစ်သင့်ကြောင်း၊ ရေမြောင်းများ ရေမကျဖြစ်နေခြင်းမှာ ယခင်ကလည်း ထိုနည်းတူစွာ ဖြစ်နေခဲ့ကြောင်း၊ ထိုသ့ို ဖြစ်နေခြင်းမှာ သဘာဝအပြစ်မဟုတ် လူအပြစ်သာဖြစ်ကြောင်း ၄င်းကဆိုသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မြို့နယ်စည်ပင်မှ တာဝန်ရှိသူသို့ ဆက်သွယ်မေးမြန်းရာ အမှုဆောင်အရာရှိ ဦးကျော်မိုးက ယခုလိုပြောသည်။

“ဟုတ်ပါတယ်။ အခုကျနော်တို့ အဲဒါကိုလုပ်နေပါတယ်။ ရေမြောင်း ရေပေါက်တွေက သဲတွေနဲ့ပိတ်နေလို့ပါ။ အခုအဲဒါတွေကို ကျနော်တို့ ပြုပြင်နေပါတယ်။ ရေပေါက်တွေကို ဖွင့်ပေးနေပါတယ်။ ဆိပ်ကမ်းနားက ရေပေါက်တွေမှာ မြစ်ကသဲတွေနဲ့ဆို့နေတော့ ရေစီးအားနည်းလို့ဖြစ်တာပါ။ ရေပေါက်တွေကို အခု လူအင်အားနဲ့ ကျနော်တို့ ဖွင့်ပေးနေပါတယ်” ဟုပြောသည်။

စစ်တွေမြို့သည် ရခိုင်ပြည်နယ် မြို့တော် တစ်ခု ဖြစ်သော်လည်း မြို့တွင်းရှိ ရေမြောင်းများ အမှိုက်များဖြင့် ပိတ်ဆို့နေပြီး ရေမစီးခြင်း၊ အိမ်ရှေ့ရှိ ရေမြောင်းများကို စနစ်တကျ ဖောက်လုပ်မှု မရှိခြင်း၊ သဲများ ရေမြောင်းများတွင် ပိတ်ဆို့နေခြင်း၊ ကိုးရီယား ကုလားတန်မြစ်ကမ်းဘေး မြေဖို့ပြီးနောက် ရေဆင်းရန် ရေမြောင်းများ ပိတ်ဆို့နေခြင်းတို့ကြောင့် မိုးကြီးတိုင်း စစ်တွေမြို့ထဲရှိ လမ်းအများအပြားကို ရေမြုပ်လေ့ရှိကြောင်း မြို့ခံ လူကြီးများက ပြောသည်။

ထိုကဲ့သို့ ရေမြောင်းများ မသန့်ရှင်းခြင်းကြောင်း အနံ့အသက်များဆိုးရွားပြီး ခြင်းများပေါက်ဖွားခြင်း ကြောင့် ကျန်းမာရေးထိခိုက်သည့် အပြင် မြို့တော်တစ်ခု အင်္ဂါနှင့်လည်း မညီဘဲ ဖြစ်နေသည်ဟု စစ်တွေမြို့ ရူပရပ်ကွက်နေ ဦးဖြူသာချေက ပြောသည်။

ဆက်စပ် သတင်းများ