Preview

စစ်ဘေးရှောင်များခိုလုံနေသော ပေါက်တောပြင်ဘုန်းတော်ကြီးကျောင်းကို စစ်ဆေးရန် စစ်ကြောင်းတစ်ခု ရောက်ရှိသဖြင့် စိုးရိမ်မှုများမြင့်တက်နေ

ဇွန် ၁၀/ ၂၀၁၉ | ကြည့်ရှုသူ :5920
ရခိုင် သတင်း

ခိုင်လူလှ | နိရဥ္စရာ၊ ဇွန်လ ၁၀/ ၂၀၁၉

လက်ရှိအချိန်ထိ စစ်ဘေးရှောင်ကျေးရွာသား ၇၀၀ ကျော်ရှိနေသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ ပေါက်တောပြင် ဘုန်းတော်ကြီးကျောင်း ပတ်ပတ်လည်တွင် ရဲတပ်ဖွဲ့ဝင် တစ်ချို့အပါအဝင် တပ်မတော်မှ စစ်ကြောင်း တစ်ခုရောက်ရှိနေသဖြင့် ဒုက္ခသည်များအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

ပေါက်တောပြင်စခန်းတွင်း ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဆရာတော် အာရက္ခမှ “ ဒီနေ့ မနက် ရဲတပ်ဖွဲ့ဝင်တစ်ချို့နဲ့ တပ်ကနေပြီး ဒီဘုန်းတော်ကြီးကျောင်းကို စစ်ဆေးမယ်ဆိုပြီး ရောက်လာ ပါတယ်။ ဦးဇင်းတို့က ဒီလောက်လူတွေ ကြောက်လန့်နေတဲ့ အထဲမှာ လက်နက်တွေ၊ ယူနီဖောင်းတွေနဲ့ ဝင်စစ်ဆေးရင် လူတွေပိုကြောက်လန့်သွားနိုင်တဲ့ အတွက် အရပ်ဝတ်နဲ့ ဝင်ရောက် စစ်ဆေးမယ်ဆိုရင် စစ်ဆေးလို့၇တယ်။ ဦးဇင်းတို့လည်း စစ်ဆေးတဲ့ အချိန်မှာ နောက်ကနေ လိုက်ပေးမယ် ပြောဆိုလိုက်ပါတယ်” ဟု ပြောကြားသည်။

အရပ်ဝတ်ဖြင့် ဝင်ရောက်စစ်ဆေးမည်ဆိုပါက စစ်ဆေးနိုင်ကြောင်းပြောကြားပြီးနောက် တပ်ဘက်က တာဝန်ရှိသူ တစ်ချို့ကလည်း အရပ်ဝတ်ဖြင့် ဝင်ရောက်စစ်ဆေးမည်ဟု ပြောဆိုသဖြင့် စောင့်နေကြောင်း၊ သို့သော်လည်း ယခုလက်ရှိ အချိန် ၁ နာရီ ၄၅ မိနစ်ထိ လာရောက်စစ်ဆေးခြင်း မရှိသေးကြောင်း ဆရာတော်က မိန့်ကြားသည်။

ဆရာတော် အာရက္ခက “ အခုလောလောဆယ်တော့ တပ်က ဘုန်းတော်ကြီးကျောင်းပတ်ပတ်လည်မှာ ရှိနေပါတယ်။ တစ်ချို့က ရွာထဲကို ဝင်ပြီးတော့လည်း ရှိနေတယ်။ တစ်ချို့က ကျောင်းနောက်ဘက်

ရေကန်နားမှာလည်း ရှိတယ်။ သူတို့က ကျောင်းကို ပတ်ပတ်လည် ဝိုင်းပြီး နေရာယူထားတယ်” ဟု ပြောကြားသည်။

၎င်းစစ်ဘေးရှောင်စခန်းအား ဝင်ရောက်စစ်ဆေးရန် စီစဉ်ရခြင်းမှ အထက် တာဝန်အရဟု တပ်တာဝန်ရှိသူများက ပြောဆိုကြောင်း ဆရာတော် အာရက္ခမှ ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဥ္စရာသတင်းဌာနမှအနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းရာ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဂဃဏန မသိ ရှိ၇သေးကြောင်း၊ မေးမြန်းကြည့်အုံးမည် ဖြစ်ကြောင်း ပြောကြားသည်။

ပုဏ္ဍားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က “ အခု စစ်ဘေးရှောင်တွေကို စစ်ဆေးဖို့ ပိုးရွှီပြင် စခန်းမှူးအပါအဝင် တပ်ကနေ ရောက်နေတယ်လို့ ပြောပါတယ်။ သူတို့ စစ်ဘေးရှောင် စာရင်း စစ်ဆေးမယ်လို့ ပြောပါတယ်။ လောလောဆယ်တော့ ဟိုလိုတော့ မဟုတ်သေးဘူး။ သူတို့အနေနဲ့ ဥပဒေအရတော့ စစ်ဆေးလို့တော့ ရပါတယ်။ ဒါပေမယ့် အားနဲ့ ဓားနဲ့ လုပ်လာရင်တော့ ပြောပါလို့တော့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြောထားပါတယ်။ အခုအချိန်ထိတော့ မစစ်သေးဘူးလို့ သိ၇ပါတယ်”ဟု ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ဆက်သွယ်စဉ် ပြောကြားသည်။

အဆိုပါ ပေါက်တောပြင် စစ်ဘေးရှောင်စခန်းတွင် အနီးအနားကျေးရွာများမှ တိုက်ပွဲများကြောင့် လူပေါင်း ၃၀၀၀ ကျော်ထိခိုလှုံခဲ့သော်လည်း ယခုအခါ ကျေးရွာအသီးသီးသို့ ပြန်ကုန်ကြသဖြင့် စစ်ဘေးရှောင် ၇၀၀ ကျော်ခန့်သာရှိကြောင်း သိ၇သည်။

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.