ဇလွန် ပြည်တော်ပြန် ဘုရားရဲ့ စိတ်ဝင်စားဖွယ် နောက်ခံ ဖြစ်ရပ်များ


စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာက အရင်က ဇလွန်ပြည်တော်ပြန်ဘုရားဆိုတာ ဇလွန်က တန်ခိုးကြီးတဲ့ ပြည်တော်ပြန်ဘုရားတစ်ဆူ ဆိုတာလောက်ပဲ သိထားတဲ့အတွက်ပါ။ ဒီဘုရားရဲ့ နောက်ခံဇာတ်လမ်းကို ဖတ်ပြီးတဲ့အချိန်မှာတော့ စိတ်ဝင် စားဖို့တော်တော်ကောင်းတာနဲ့ ပြန်လည်ဝေမျှရေးသားလိုက်ပါတယ်။

မဟာသက္ကရာဇ် (၁၁၃) ခုနှစ်တွင် သဗ္ဗညုတ မြတ်စွာဘုရားသခင် ဟာ ရခိုင်ပြည်သို့ ကြွရောက်ပြီး သရဏဂုံ သီလဖြင့် ချီးမြှင့်ခဲ့တာ ကြောင့် ဓညဝတီတစ်ပြည်လုံး ဗုဒ္ဓဘာသာဝင်များ အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ မြတ်စွာဘုရားကို ကြည်ညိုလွန်းတဲ့ ရခိုင်ဘုရင် စန္ဒသူရိယမင်းက ရုပ်ထုတော်လေးဆူကို သွန်းလုပ်ခဲ့ပါတယ်။

ပထမဆုံး ဘုရားရှင်ရင်ငွေ့တော်ပေးထားတဲ့ မဟာမြတ်မုနိ၊ ဒုတိယ သွန်းလုပ်တော်မူသော ဘုရားကို ရှင်ကျော်မုနိ၊ တတိယ သွန်းလုပ်တော်မူသော ဘုရားကို ရွှေဘုံသာမုနိ၊  စတုတ္တသွန်းလုပ်တော်မူသောဘုရားကို မာရ်အောင်မြင် ဟူ၍ ဘွဲ့တော်များပေးခဲ့ပြီးလျှင် ကိုးကွယ်ကြည်ညိုခဲ့ပါတယ်။ ထိုမြတ်စွာဘုရား ၄ ဆူတို့မှာ အစဉ်အတိုင်းဥာဏ်တော်ငယ်ကြ၍ နောက်ဆုံးသွန်းလုပ်သောဘုရားကို မာရ်ငါးပါးအောင်မြင်တော်မူသော မြတ်စွာဘုရားရှင်၏ အမည်ကိုယူ၍ မာရ်အောင်မြင် မြတ်စွာ ဘုရားဟု ခေါ်ဝေါ်သမုတ်ခဲ့တယ်လို့ သိရပါတယ်။

မဟာမြတ်မုနိဘုရား၏ လက်ယာဘက်မှာရှိတဲ့အတွက် လက်ယာရုပ်ပွားတော်ဟုခေါ်ပြီး ကြေးပိသာချိန် ၆၆၆ ပိသာ နှင့် ၆ ကျပ်သား ရှိပါတယ်။ ထိုဘုရားလေးဆူကို စန္ဒာသူရိယမင်းမှ စ၍ ရခိုင်မင်း အဆက်ဆက် ကိုးကွယ်ခဲ့ကြပြီး သက္ကရာဇ် ၁၁၄၆ ခုနှစ်မှာ ဓညဝတီဟာ ဘိုးတော် ဘုရားရဲ့သားတော် အိမ်ရှေ့ဥပရာဇာရဲ့ သိမ်းယူခြင်းကို ခံခဲ့ရပါတယ်။ သားတော်အိမ်ရှေ့မင်းဟာ စစ်နိုင်ပစ္စည်းအဖြစ် မဟာမြတ်မုနိ၊ မာရ်အောင်မြင်ဘုရား နှင့် ရွှေဘုံသာဘုရားတို့ကို သိမ်းယူကာ တောင်ကုတ်လမ်းမှ ပင့်ဆောင်ခဲ့ပါတယ်။ ဒေသခံရခိုင်များအတွက် ရှင်ကျော်ဘုရားကို ထားရစ်ခဲ့ပါတယ်။

အိမ်ရှေ့မင်းသားဟာ ကျန်ရုပ်ပွားတော် နှစ်ဆူကို ဧရာဝတီမြစ်အတိုင်း ဆန်တက်ပင့်ဆောင်ခဲ့ပြီး အမရပူရသို့ ဆိုက်ရောက်လျှင် မြို့တော်၏ မြောက်ပြင်( ယခုမဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးတည်ရှိ ရာ) နေရာတွင် မဟာမြတ်မုနိဘုရား ကိန်းဝပ်စံပျော်ရန် တန်ဆောင်းကြီး ဆောက်လုပ်လျှက် ကိုးကွယ်ခဲ့ပါတယ်။ မာရ်အောင်မြင်ဗုဒ္ဓရုပ်ပွားတစ်ဆူကိုကား နန်းတော်အတွင်းသို့ ပင့်ဆောင်ကာ နန်းတော်ဦး၌ ထားလျှက် ရွှေပြသာဒ်တော်ကြီး ဖြင့် တည်ထားကိုးကွယ်ခဲ့ပါတယ်။

ဘိုးတော်မင်း၊ အိမ်ရှေ့မင်း၊ ဘကြီးတော်၊ ပုဂံမင်း၊ မင်းတုန်းမင်း၊ ကနောင်မင်းတို့တိုင်အောင် အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ခဲ့ကြပါတယ်။ မာရ်အောင်မြင် ဗုဒ္ဓရုပ်ပွားတော်မှာ ရခိုင်မှပင့်ဆောင်စဉ်က ဘွဲ့ပေး အမည် ဖြစ်ခဲ့သော်လည်း ဘုရင်အဆက်ဆက် နန်းတော်ဦးတွင် တည်ထား ကိုးကွယ်ခဲ့သဖြင့် မာရ်အောင်မြင်အမည်ပျောက်ကာ “ နန်းဦးဘုရား ´´ ဟု အမည်တွင်ခဲ့ပါတယ်။

ကနောင်မင်းသားကြီးက ဤရုပ်ပွားတော်အား အမြဲမပြတ်ကိုးကွယ်ခဲ့သဖြင့် “ မင်းတပ်ဘုရား ´´ ဟုလည်း အမည်တွင်ခဲ့ပါသေးတယ်။ ( မင်းတပ်မှာ ကနောင်မင်းသား၏ ငယ်နာမည်ဖြစ်ပြီး အကြီးမင်းတုန်း၊ အငယ်မင်းတပ်ဟု သိမှတ်ကြသည် )

ပုဂံမင်းလက်ထက်တွင် တစ်ဖက်မှ အင်္ဂလိပ်တို့နှင့် စစ်ဖြစ်ပွားနေသလို တစ်ဖက်ကလည်း မင်းတုန်း၊ ကနောင်ညီနောင်၏ ပုန်ကန်မှုကို ခံရသဖြင့် နိုင်ငံအရေးမှာ ရှုပ်ထွေးလျက်ရှိပါတယ်။ ပုဂံမင်း ၏ မိဖုရား မဟာရတနာဒေဝီတွင် မောင်တစ်ယောက်ရှိပါတယ်။ ဦးရွှေပွင့်ဟုခေါ်ပြီး ဇလွန်မြို့သူကြီးဖြစ်ပါတယ်။ မိဖုရားကြီးက ချစ်မြတ်နိုးတော်မူ၍ မောင်တော် ဟု ချစ်စနိုးနဲ့ ခေါ်လေ့ရှိပါတယ်။

မာရ်အောင်မြင်ဆင်းတုတော်ကို ဖူးပြီးသည်မှစ၍ ဦးရွှေပွင့်မှာ အကြံတစ်ခုပေါ်လာပါတယ်။ ထိုအကြံမှာ မိမိ၏ ဇလွန်မြို့တွင်လည်း မာရ်အောင်မြင်ဘုရားကဲ့သို့ ဆင်းတုတော်တစ်ဆူ ထုလုပ်ပူဇော်ရန် ဖြစ်ပါတယ်။

ထိုအကြောင်း ဇလွန်ပြည်သူတို့အား တင်ပြရာ ထောက်ခံကြပြီး ရုပ်တုတော်ကြီး သွန်းလုပ်ရန် ရွှေ၊ ငွေ၊ ကြေး တို့အပြင် လက်ဝတ်ရတနာ များကိုလည်း ထည့်ဝင်လှူဒါန်းကြပါတယ်။ ဤတွင်မြို့သူကြီး မောင်ရွှေပွင့်သည် နေပြည်တော်ကိုသွားကာ ပညာရှင် မောင်မောင်လတ်ကို ကြေးဆင်းတု သွန်းလုပ်ခြင်း အလုပ်ကို လုပ် ဆောင်ပါတော့တယ်။ ထိုအချိန်တွင် အင်္ဂလိပ်တို့နှင့် စစ်ဖြစ်နေပြီဖြစ်သဖြင့် မြို့ရွာများမှာ မငြိမ်သက်ကြ။ မိဖုရားကြီးက မောင်ရွှေပွင့်အား ဇလွန်သို့ ပြန်ပြီး နေရန် စေလွှတ်သော်လည်း “ ဘုရားဆင်းတု မပင့်သွားပဲနဲ့ မြို့သူမြို့သားတွေကို မျက်နှာဘယ်လိုပြမလဲ ´´ ဟူသောစကားဖြင့် မောင်ရွှေပွင့်ကမပြန်။ နိုင်ငံရေးအခြေအနေမှာ ပိုမိုဆိုးရွားလာရာ မိဖုရားကြီးဟာ မောင်ရွှေပွင့်ကို အတင်းပြန်လွှတ်ပါတော့တယ်။

ဤတွင်မောင်ရွှေပွင့်က “ လက်ချည်း ဗလာပြန်သွားလျှင် မျက်နှာမလှဖြစ်မည်။ ဒါကြောင့် ကျွန်တော်မျိုး သွန်းလုပ်နေတဲ့ ဘုရားအစား နန်းဦးဘုရားကို မြို့သူမြို့သားများ ဖူးမျှော်စေဖို့ ဇလွန်သို့ ခဏပင့်သွားမည်။ သွန်းလုပ်သောဘုရားပြီးသောအခါ နန်းဦးဘုရားကို ပြန်လာပေးပါမည် ´´ ဟု မိဖုရားကြီိးအား လျှောက်လေသည်။ မိဖုရားကြီးက သဘောမတူသော်လည်း မူးမတ်များကပါ ခေတ္တခဏပင့်ဆောင်ခြင်းကို ခွင့်ပြုသင့်ကြောင်း ပါဝင် တောင်းပန် ကြသောကြောင့် နောက်ဆုံးတွင် ခွင့်ပြုလိုက်ရပါတယ်။ သို့ဖြင့် နန်းဦးဘုရားသည် ဇလွန်သို့ ရောက်သွားပါတော့တယ်။

မြို့သူမြို့သားတို့သည် မာရ်အောင်မြင်ဆင်းတုတော်ကို တွေ့ကြသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ ဦးရွှေပွင့်က ယခုဆင်းတုကား ရခိုင်မှပင့်လာသော နန်းဦးဆင်းတု ဖြစ်ကြောင်းပြောသော်လည်း ပြည်သူများက မယုံကြည်ကြပေ။ မာရ်အောင်မြင်ဘုရားကြီးသို့ လာရောက်ဖူးမျှော်ကြည်ညိုကြသည်မှာ မပြတ်စည်ကားလျက်ရှိသည်။ ရက်များမကြာမီ မိဖုရားကြီးထံမှ သွန်းလောင်းသည့် ဆင်းတုတော်ပြီးပြီဖြစ်၍ မာရ်အောင်မြင် ဆင်းတုတော်နှင့် လာရောက်လဲလှယ်ရန် အထောက်တော်များ လာရောက်ရာ ဦးရွှေပွင့်က ဘုရားဖူးများစည်ကားနေသဖြင့် ခေတ္တမျှ ဆိုင်းငံ့ထားပါရန် ပြန်လျှောက်ထားလိုက်သည်။

ထိုအချိန်တွင် ဇလွန်၌ မီးအကြီးအကျယ် လောင်လေသည်။ ဘုရားတန်ဆောင်း ကျောင်းပတ်ဝန်းကျင်ရှိ အိမ်တိုင်းလိုလို မီးထဲပါသွားသည့်အပြင် လူတချို့ သေဆုံးခဲ့ရသည်။ သို့သော်နန်းဦး ဆင်းတုတော်ကြီးကား မီးကွင်း၍ ကျန်ရစ်ခဲ့ရပါတယ်။ သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် အောက်မြန်မာပြည်ဟာ အင်္ဂလိပ်တို့ရဲ့ သိမ်းယူခြင်းကို ခံခဲ့ရပါတယ်။ နေပြည်တော်တွင်လည်း ပုဂံမင်းကို နန်းချပြီး မင်းတုန်းမင်းနန်းတက်သဖြင့် နန်းကျမိဖုရားကြီးမှာ သြဇာမရှိတော့။ ဘုရားကြီးကိစ္စကို အမှာတော်မပြုပဲ လစ်လျှုပြုထားလိုက်တော့သည်။

အင်္ဂလိပ်တို့သည် ကြေးပိုက်ဆံများ ပြုလုပ်ရန် ကြေးဆင်းတုတော်များစွာ နှင့် ကြေးအိုး ၊ ကြေးခွက် ၊ ကြေးစ အများအပြားကို အင်္ဂလိပ်စစ်ဗိုလ် “ ဆာဂျွန်ဆပ် ´´ ၏ အမိန့်နှင့် သိမ်းကျုံးယူဆောင်သွားကြရာ ၁၂၁၇ ခုနှစ်တွင် နန်းဦးဆင်းတုတော်ကြီးမှာလည်း ရွှေချိန် အမည်ရှိသော သင်္ဘောဖြင့် အိန္ဒိယပြည် ဘုံဘေမြို့သို့ ပါသွားခဲ့ရသည်။

ဤအကြောင်းကို ကနောင်မင်းသားကြီး သိသွားတဲ့အခါ စိတ်မကောင်းရုံမှလွဲ၍ ဘာမျှမတတ်နိုင်တော့ချေ။ နန်းဦးဆင်းတုမှာ ဘုံဘေသို့ပါသွားသဖြင့် ပြန်ရဖို့ မျှော်လင့်ချက် မဲ့ရတော့သည်။ဤသို့ဖြင့် နန်းဦးဆင်းတုလစ်လပ်နေသော နေရာတွင် ဦးရွှေပွင့်သွန်းလုပ်ထားသော ကြေးဆင်းတုတော်ကြီးကို ပင့်ဆောင်တင်ထားလိုက်လေသည်။

အင်္ဂလိပ်တို့သည် ရသမျှဆင်းတုတော်များနှင့် ကြေးပစ္စည်းများကို ဂိုထောင်တစ်ခုတွင် ထည့်ကာ တဖြည်းဖြည်း ဖိုကျင်းထိုး အရည်ကျိုပြီး ကြေးပိုက်ဆံများ အဖြစ်ပြောင်းပစ်လိုက်ပါတယ်။ အခြားဆင်းတု နှင့် ပစ္စည်းများကို ကျိုရာ၌ အလွယ်တကူ အရည်ပျော်သွားကြသော်လည်း နန်းဦးဆင်းတုတော်ကြီးကို ဖို ၄ လုံး ဆိုင်ကာ ထိုး၍ ကျိုချက်ကြသော်လည်း အရာပင်မထင် မူလအတိုင်းပဲ ရှိလေသည်။

ထူးခြားသည်ကား ထိုအချိန်တွင် ကောင်းကင်သည် ရုတ်ချည်းမဲမှောင်လာလျက်မိုးမှောင်ကြီးကျကာ မိုးသည်းလေသည်။ အရည်ကျိုခြင်း အလုပ်ကို လုပ်ကြသော အိန္ဒိယလူမျိုး ၆၄ ယောက်လည်း သွေန်းအန်ပြီး တပြိုင်တည်း သေဆုံးသွားကြတယ်လို့ သိရပါတယ်။

အင်္ဂလန်၌ ရာဇဘိသိက် ခံယူပြီးသော ဝိတိုရိယ ဘုရင်မကြီးသည် မိမိ၏ ကိုလိုနီနယ်သစ်ဖြစ်သော အိန္ဒိယပြည် ဒေလီမြို့သို့ တွင် ခေတ္တလာရောက် စံမြန်းနေရာ ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားရသည်။ ဆေးပညာရှင် ဆရာဝန်အမျိုးမျိုးကို ကုသစေသော်လည်း သက်သာခြင်းမရှိ။ တစ်ညတွင် ဘုရင်မကြီးသည် ထူးဆန်းသော အိပ်မက်တစ်ခုကို မက်လေသည်။ အိပ်မက်ထဲ၌ ဝတ်ဖြူစင်ကြယ်နှင့် သူတော်စင်တစ်ဦးက ဘုရင်မကြီးအား-

“ ဘုရင်မကြီး…ဘုရင်မကြီးရဲ့ ခေါင်းကိုက်ဝေဒနာကို သေချာစွာ ပျောက်ကင်းလိုလျှင် မြန်မာပြည်မှ ယူဆောင်ခဲ့သော နန်းဦးဆင်းတုကို မူလအရပ်သို့ ပြန်၍ ပို့ရမည်။ မပို့ပါက ဘုရင်မကြီးအသက် အန္တရာယ်ဖြစ်ပါလိမ့်မည် ´´ ဟု ပြောသွား၏။

ဘုရင်မကြီး အိပ်မက်မှနိုးလျှင် ကြက်သီးမွှေးညှင်းများထကာ ထိတ်လန့် တုန်လှုပ်ကြောက်ရွံ့ကာ အမှုထမ်းများကို ခေါ်လျှက် အကြောင်းဖြစ်အင်ကို ပြော၍ နန်းဦးဆင်းတုတော်ဆိုသည့် အရာကို ကြေးဂိုထောင်ထဲတွင် သွားရောက် ရှာဖွေစေပါတယ်။ အမှုထမ်းများမှာ ဘုရင်မကြီးရှာခိုင်းလို့သာ ရှာခိုင်းသော်လည်း နန်းဦးဘုရားဆိုတာ ဘာမှန်းသေချာမသိပါချေ။ ဂိုထောင်ထဲရှိ ဆင်းတုတော်မျိုးစုံ နဲ့ အခြားပစ္စည်းများမှာ မှောက်ခုံ ပက်လက် ဘေးစောင်း စသည် ရှိနေကြသော်လည်း တစ်ဆူတည်းသော ဘုရားမှာမှု အရှေ့ဘက်သို့မျက်နှာမူလျက် တင့်တယ်စွာစံပါယ်နေကြောင်း အမှုထမ်းများ တွေ့ရှိလိုက်ရသည်။ ထူးခြားသည်ကား ထိုဘုရားသည် နေမင်းအရောင်ကဲ့သို့ ဝင်းပြောင်လျက် ရောင်ခြည်တော်များ တဖျပ်ဖျပ်လက်နေခြင်းပင်။

ဤကဲ့သို့ထူးခြားသော ဘုရားသည် ဘုရင်မကြီးမြင်မက်သည့် အိပ်မက်ထဲက ဘုရားဖြစ်လိမ့်မည်။ ဤသို့ဖြင့် ဘုရင်မကြီးသည် နန်းဦးဆင်းတုတော်အား မြန်မာပြည်၏ မူလနေရာသို့ အမြန်ဆုံးသွားရောက်ပြန်ထားရန် အမှုထမ်းများအား လွှတ်လိုက်ပါတော့တယ်။ နန်းဦးဆင်းတုအား သင်္ဘောထက်တွင်တင်၍ သင်္ဘောစထွက်သည်နှင့် ဘုရင်မကြီး၏ ခံစားနေရသော ခေါင်းကိုက်ဝေဒနာမှာ ယူပစ်လိုက်သကဲ့သို့ ကင်းရှင်းစွာ ပျောက်ကင်းသွားရာ ဘုရင်မကြီးလည်း အထူးပင် ယုံကြည်သွားတော့သည်။

ဘုရင်မကြီး အမိန့်တော်အတိုင်း ဆင်းတုတော်အား မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ကြပါတယ်။ သို့သော် မြို့မှားပို့မိ၍ ဇလွန်အစား ဟင်္သာတသို့ ရောက်သွား၏။ ဟင်္သာတမြို့အနီး သောင်စပ်တွင်ထားပစ်ခဲ့ကာ သင်္ဘောသည် အိန္ဒိယသို့ပြန်သွား၏။ သောင်စပ်တွင် ထီးထီးမားမား ဖြစ်နေသော ဆင်းတုတော်ကြီးကို တံငါးသမားတို့မြင်ရလျှင် ဝမ်းမြောက်ဝမ်းသာဖြစ်လျှက် လူအများ ကိုဟစ်အောင်စုရုံးကြပြီး ကမ်းနဖူးပေါ်ရှိ ငါးမျက်နှာတန်ဆောင်းအတွင်းသို့ ခေတ္တထား၍ ပူဇော်ကြပါတယ်။ ချက်ချင်းပင် ပေါ်တော်မူ ဘုရားဟုနာမည်ကြီးသွားကာ မြို့ရောတောပါ မကျန် ရဟန်းရှင်လူအများ စည်ကားစွာ လာရောက်ဖူးမျှော်ကြပါတယ်။

သိပ်မကြာမီ ဇလွန်မြို့ပိုင်သည် အရေးပိုင်မင်းနှင့် တွေ့ဆုံရန်အတွက် ဟင်္သာတသို့ ရောက်လာခဲ့ပါတယ်။ လူအများ အုတ်အော်သောင်းနင်း ဖြစ်နေတဲ့အကြောင်းကို စုံစမ်းရာမှ ပေါ်တော်မူဘုရားကြီးကြောင့်ဆိုတာ သိသွားပြီး မိမိလည်းဖူးမျှော်ဦးမှဆို၍ သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ ဘုရားကြီးကို မြင်လိုက်စဉ်မှာပင် မိမိတို့ဇလွန်မှ အင်္ဂလိပ်တို့ သိမ်းယူသောဘုရားနှင့် အလွန်တူကြောင်း တွေ့သွားပါတော့တယ်။ ဒါနဲ့ ယင်းကိစ္စကို မည်သူ့ကိုမျှ မဟခဲ့ပဲ မိမိကိစ္စပြီးသည်နှင့် ဇလွန်သို့ အမြန်ဆုံးပြန်ခဲ့ပါတော့တယ်။ ဇလွန်သို့ရောက်လျှင် ဇလွန်ရှိ ဆရာတော်ဦးဖြူအား ဘုရားကြီးကို ထိုသို့ တွေ့ခဲ့ကြောင်း လျှောက်တဲ့အခါ ဆရာတော်ဦးဖြူလည်း လှေတစ်ဆယ့်နှစ်စင်း နှင့် တကာတကာမများကို စုရုံးခေါ်ကာ ပေါ်တော်မှုဘုရားကြီးအား ဖူးရန် ချက်ချင်းပင် ဟင်္သာတကို ကြွသွားခဲ့ပါတယ်။

ဘုရားသို့ရောက်သော် မိမိအမြဲဖူးနေသော မာရ်အောင်မြင်ဆင်းတုတော်မှန်း ဆရာတော်ဦးဖြူ အတပ်သိလိုက်၏။ အရေးပိုင်မင်းထံသို့သွားကာ မိမိတို့ဇလွန်မှ ဘုရားကြီးဖြစ်ကြောင်း အကျိုးအကြောင်း ပြောပြပါတယ်။ မြို့ပိုင်မင်းလည်း ရပ်မိရပ်ဖများ နှင့် သံဃာများကိုခေါ်ကာ ဤအရေးသည် သာသနာအရေး ဖြစ်သောကြောင့် သံဃာများနှင့်သာ သက်ဆိုင်ပါကြောင်း၊ သိုု့ဖြစ်၍ လူကြီးမင်းတို့ နှစ်သက်သော ဆရာတော်တစ်ပါးကိုပင့်၍ ဇလွန်မြို့မှ ဆရာတော်ဦးဖြူ နှင့် ညှိနှိုင်းပါစေဟု ဆုံးဖြတ်လိုက်ပါတယ်။

ဟင်္သာတဘက်မှ လူကြီးများလည်း ဆရာတော်ဦးဖြူထက် အသက်သိက္ခာ ဝါတော်ကြီးသော ကြေးကန်ဆရာတော်ကိုပင့်၍ ဆရာတော်ဦးဖြူနှင့် ညှိနှိုင်းစေပါတယ်။ ကြေးကန်ဆရာတော်က- “ အရှင်ဘုရားတို့ ဇလွန်မြို့မှ ဘုရားဆင်းတုဖြစ်ကြောင်း ဘာအထောက်အထားရှိ၍ ဤသို့ပြောနိုင်ပါသလဲ ´´ ဟု မေးရာ ဆရာတော်ဦးဖြူက- “ ဓမ္မခဏ်တော်က စာပါသောကြောင့် တပည့်တော် သိရပါသည်ဘုရား ´´ ဟု ပြန်လည်ဖြေ၏။ “ ဤစာကို ဆရာတော်ရွတ်ပြနိုင်ပါသလား ´´ ဟု ဆိုသော် ဆရာတော်ဦးဖြူကလည်း မိမိရွတ်ပြနိုင်ပါကြောင်း ပြန်လည်ဖြေ၏။

( မြန်မာနိုင်ငံတွင် သမ္ဗုဒ္ဓေစေတီတော်ကြီးနှင့် သမ္ဗုဒ္ဓေဂါထာ တန်ခိုးကြီးသကဲ့သို့ပင် မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီးနှင့် စမ္မခဏ်ဂါထာ တန်ခိုးကြီးသည်ဟု ယုံကြည်ကြပါသည်။ စမ္မခဏ်ဂါထာ အပြင် သင်းကျစ်တော် ဂါထာ၊ လက်ဝဲလက်ရုံးဂါထာ၊ လက်ယာလက်ရုံး ဂါထာတော်များလည်း ရှိပါသည်။ )

သို့ဖြင့် အနီးရှိရဟန်းတစ်ပါးအား ကြေးကန်ဆရာတော်က ဆင်းတုတော်မှ ဓမ္မခဏ်မှာရှိသော ဂါထာတော်ကို ရေးကူးခိုင်းပြီး ဆရာတော်ဦးဖြူ အလွတ်ပြန်ဆိုသည်နှင့် တိုက်ကြည့်ရာ တစ်ထပ်တည်းကျကြောင်း တွေ့ရပါတယ်။ ဆရာတော်ဦးဖြူပြောသည်မှာ မှန်ကန်ကြောင်း၊ ထို့ကြောင့် ဇလွန်မှ ဆင်းတုတော်ဖြစ်သည်မှာ မှန်ကန်ကြောင်း ထင်ရှားသွားပြီး ဇလွန်သို့ ပြန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဤတွင် ဟင်္သာတမြို့သူမြို့သားများက လက်မခံကြ၊ ကန့်ကွက်ကြသည်။ မိမိတို့နှင့်ထိုက်၍ မိမိတို့ဆီရောက်လာတာ မိမိတို့ဘုရားဟု ဆိုကာ သူတို့သာကိုးကွယ်ထိုက်သည်။ မပေးနိုင်ဟု တစ်ညီတစ်ညွတ်တည်း ငြင်းဆိုကြရာ အရေးပိုင်မင်းက နည်းလမ်းတစ်ခုဖြင့် ဖြန်ဖြေစေပါတယ်။

ထိုနည်းလမ်းမှာကား ဆင်းတုတော်အား ဟင်္သာတမြစ်လယ်ရှိ ဖောင်ကြီး တစ်ဖောင်ပေါ်တွင်တင်ထားက တစ်ဖက်တွင် ဟင်္သာတမြို့မှလှေများကို ဆွဲစေပြီး၊ တစ်ဖက်တွင် ဇလွန်မြို့မှလှေများကို ဆွဲစေတဲ့ နည်း ဖြစ်ပါတယ်။ ဆင်းတုတော်ပါအောင်ဆွဲနိုင်တဲ့ မြို့က ကိုးကွယ်ကြဟု ဆိုရာ အားလုံးကျေနပ်ကြပါတယ်။ သို့ဖြင့် ကြီးမားသောဖောင်တော်ကြီးကို တစ်မုဟုတ်ချင်းစီစဉ်၍ ထိုဖောင်တော်တွင် ဆင်းတုတော်ကြီးကို စံမြန်းစေပါတယ်။ အရေးပိုင်မင်းနှင့် ဆရာတော်ဦးဖြူကိုလည်း ထိုဖောင်ပေါ်မှာ နေစေပြီး အပြိုင်ဆွဲကြပါ တော့တယ်။

ထိုသို့ဆွဲရာတွင် အင်အားကတော့မမျှပါ။ ဟင်္သာတဘက်တွင် လှေပေါင်း ၃၈ စီး ရှိသော်လည်း ဇလွန်ဘက်မှာကား ၁၂ စီးပင် ရှိပါတယ်။ ဤသို့ဖြင့် အားပြိုင်ဆွဲကြရာ ဆင်းတုတော်သည် ဇလွန်ဘက်သို့ပါလေ၏။ သို့သော် ဟင်္သာတသားများက မကျေနပ်ကြသေး။ ဇလွန်ဘက်က ရေစုန်ဖြစ်၍ မိမိတို့က ရေဆန်ဖြစ်သောကြောင့် ဇလွန်ဘက်သို့ပါသွားတာဖြစ်ကြောင်း ငြင်းဆန်သဖြင့် ဘက်ပြောင်း၍ ဆွဲစေပါတယ်။ ထိုသို့ဆွဲစေသော်လည်း ဆင်းတုတော်သည် ဇလွန်မြို့ဖက်သို့သာ ပါ၏။ ဘယ်လိုပြိုင်ပြိုင်မနိုင်သဖြင့် ကံတရားကို ဥာဏ်များလို့မရမှန်း ဟင်္သာတသားတို့ သိသွား၏။ အရှုံးကိုဝန်ခံလိုက်ကြ၏။ သို့ဖြင့် “ ကိုယ်တော်ဘုရား… ငါးပိရည် နှင့် ချဉ်ရည်ဟင်း ဘုန်းပေးရအောင် ကြွတော်မူပေရော့ ဘုရား ´´ ဟု ဇလွန်သားတို့ မခံချင်အောင်စောင်းချိတ် ပြောဆိုလျက် ကြိုးကို လွှတ်လိုက်ရပါတော့တယ်။

ဇလွန်သားတို့သည် အနိုင်ရလေလျှင် မြစ်စဉ်တလျှောက် အကအခုန် အတီးအမှုတ်များဖြင့် ဧရာဝတီမြစ်ကို စုန်ဆင်းကာ ဘုရားကြီး၏ မူလနေရာဖြစ်သော ဇလွန်မြို့သို့ ပြန်လည် ပင့်ဆောင် လာပါတော့တယ်။ ဤသို့ဖြင့် ဇလွန်ပြည်တော်ပြန်ဘုရားကြီးသည် စန္ဒာသူရိယမင်း သွန်းလုပ်ခဲ့သော မာရ်အောင်မြင်ဘုရားဖြစ်ကြောင်း၊ အမရပူရနန်းဦးတွင် စံမြန်းခဲ့ကြောင်း ၊ အင်္ဂလိပ်တို့လက်သို့ပါပြီးနောက် ဟင်္သာ တမြို့သို့လည်း ရောက်ခဲ့သေးကြောင်း ၊ ပြီးမှသာ ဇလွန်သို့ပြန်ရောက်လာခြင်းဖြစ်ကြောင်း ဗဟုသုတအနေနှင့် ရေးသားတင်ပြလိုက်ပါတယ်။

ကိုးကား။

ကျိန်စာသင့်တဲ့သမိုင်းပုံရိပ်များ – သန်းထွန်း ( လှည်းကူး ) / ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး / ဘသန်းတင် – မြန်မာ့စွယ်စုံကျမ်း (www.wunyan.com)

Share: