အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

တကျွန်းအပို့ခံရတဲ့ တက္ကသိုလ် ဆရာ တဦး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 3.3k

ဌေးဝင်း

ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ၁၉၆၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့မှာ  မြို့တော် ရန်ကုန်နဲ့ ကီလိုမီတာ ၄၂ဝ လောက်ဝေးတဲ့ ကိုကိုကျွန်းကို ပို့ခြင်း ခံခဲ့ရတယ်။ ပြစ်ဒဏ်ကတော့ တသက်တကျွန်း။ ဒီအထဲမှာ အများစုကတော့ လက်ဝဲနိုင်ငံရေးသမားတွေနဲ့ လက်ဝဲယိမ်းတွေ ဖြစ်ကြတယ်။ ပြီးတော့ တပ်ထဲမှာ ပွင့်ပွင်းလင်းလင်း ဝေဖန်လို့ အဖမ်းခံ လာရတဲ့ စစ်သားတွေနဲ့ စစ်တွေ ဆန်ပြဿနာ အရေးအခင်းက လူတွေလည်း ပါတယ်။

ဗန်မော်တင်အောင်၊ မြသန်းတင့်၊ ကေတီ ဦးကျော်တင့် တို့လို နာမည်ကြီး စာရေးဆရာတွေ။ လေထီး ဦးအုန်းမောင်၊ ဦး ကျော်မြ၊ ဗိုလ်သန်းမြင့်၊ မန်းအောင်ကြည် စောမောင်မောင်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်မြင့်၊ ဗိုလ်တင့်တယ် တို့လို ထင် ရှားတဲ့ နိုင်ငံရေးသမားတွေနဲ့ အစိုးရအမှုထမ်းတွေ ကျောင်းသား လူငယ်တွေ ပါကြတယ်။ ဒီအထဲမှာ ရန်ကုန် တက္ကသိုလ် ရူပဗေဒ ဌာနက ကထိက ဆရာတဦးလည်း ပါတယ်။ သူ့နာမည်ကတော့ ဦးလှဖေ။

သူ့ရဲ့ တက္ကသိုလ်ဆရာဘဝ သက်တမ်းတလျှောက်မှာ တည်ဆဲ ဥပဒေထဲက ဘာတခုကိုမှ ဖောက်ဖျက် ကျူးလွန်ခြင်း မရှိ ခဲ့ပါဘဲလျှက် တကျွန်းပို့ ခဲ့ရတာကတော့ အာဏာရှင်ခေတ်ရဲ့ ဆိုးဝါးလှတဲ့ ပြယုဂ်တခုပါဘဲ။ သူရေးခဲ့တဲ့ ´ကျွန်းအတိတ် အရိပ်ပမာ´ ကိုယ်တွေ့ မှတ်တမ်းမှာ .. …

…ကျနော့်မှာမူ ကျောင်းသားတပ်ဦး ခေါင်းဆောင်ဟောင်း ကျောင်းဆရာတယောက်အဖြစ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ကျောင်းဆရာလုပ်သက် ငါးနှစ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း ထိုစဉ် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော တကသ ဥက္ကဌ ကိုဗဆွေလေး၊ ဗကသဥက္ကဌ ကိုသက်၊ အတွင်းရေးမှူး ကိုတင်ထွန်း၊ အမှုဆောင် ကို်စိန်ဝင်းနှင့် တကသ ခေါင်း ဆောင် အများစုမှာ သူငယ်ချင်းများ ဖြစ်ကြသည်။ ….

…. ၁၉၆ဝ ပြည့်နှစ်၌ ကျနော်သည် ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ကောလိပ်တခု၌ ဌာနမှူး၊ အဆောင်မှူး အဖြစ်ရော ထောက်ပ့ံကြေ းကော်မတီ အတွင်းရေးမှူး အဖြစ်နှင့်ပါ ပူးတွဲ တာဝန်ယူရစဉ်က ကျောင်းအုပ်တဦးနှင့် ပြဿနာပေါ်ခဲ့သည်။ သူက တက္ကသိုလ် ထောက်ပံ့ကြေးများကို စာတော်သူများသို့ ပေးရန် အဆိုပြုသည်။ ကျနော်ကမူ တက္ကသိုလ် အက် ဥပဒေ ပါ အတိုင်း ဆင်းရဲသော ကျောင်းသားများကိ်ုသာ ရွေးရန် အဆိုပြုသည်။ သူက ကျောင်းအုပ်ကြီး အရှိန်အဝါ သြဇာကို သုံး ၍ အဖွဲ့ဝင် ဌာနမှူးများအား သူ့အဆိုကို ထောက်ခံရန် အကြပ်ကိုင်သည်။ ….

…ရန်ညှိုးကြီးလှသော ကို်ယ်ကျိုးရှာသမား ကျောင်းအုပ်ကြီးသည် သူ ကြည်ညို ထောက်ခံပါသည်ဆိုသော ဦးနုကိ်ု ဖြုတ်ချ ၍ တက်လာသော ဦးနေဝင်းကို ပြေးကပ်သည်။ တစုံတရာဆက်သွယ်မိသည်နှင့် ထောက်လှမ်းရေးကို လက်တို့ကာ ကျ နော့်အား ထောင်ထဲသို့ ပို့လိုက်တော့သည်။ ယင်းကျောက်အုပ်ကြီးသည် မဆလ ခေတ်လယ်လောက်တွင် ဝန်ကြီးတပါး ဖြစ်သွားသည်။ ၁၉၆၃-ခုနှစ်တွင် ကျနော် အဖမ်းခံရသည်။ ဘာမှုမှ မရှိပဲ ဖမ်းခြင်း ဖြစ်သည်။….

.. လို့ ဖော်ပြထားပါတယ်။ အကျဉ်းထောင်ထဲမှာ အာဏာပိုင်တွေဟာ နိုင်ငံရေး အကျဉ်းသားတွေကို ရုပ်ပို်င်းဆိုင်ရာ စိတ် ပိုင်း ဆိုင်ရာအရ နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်းတာဟာ အာဏာရှင်တို့ရဲ့ ပုံသေနည်းတခုပါဘဲ။ အလားတူ ဆရာ ဦးလှဖေ လည်း ကြုံတွေ့ခဲ့ရတာပါဘဲ။ အာဏာပိုင်တွေရဲ့ အပျော့ဆွဲ နည်းတခုကတော့ အသနားခံစာ တင်ခိုင်းတဲ့ နည်းပါ။ ယုံကြည် ချက် မခိုင်မာသူတွေကတော့ အာဏာပိုင်တွေဆီကို အသနားခံစာ တင်ခဲ့ကြပါတယ်။ ဆရာ့ကိုလည်း သူတို့က ဒီလို ယုံ ကြည် ချက်မခိုင်မာသူ စာရင်းထဲမှာ ထည့်ထားပုံရတယ်။ ဒါပေမဲ့ ဆရာက သူတို့ထင်သလို မဟုတ်ကြောင်းကို ရေးသား ထားခဲ့တာက …

… ကျနော့်မှာ အမှုတွဲ မရှိ၊ အဖွဲ့စည်း မရှိ၊ တကို်ယ်တော်မို့ အသနားခံစာ တင်မည်ဟု ထောင်မှူး ထောင်ပိုင်တို့က ယူဆ ထားကြသည်။ ကျနော်က မတင်နိုင်ကြောင်း ပြောသောအခါ သူတို့ အံ့အားသင့်ကုန်ကြသည်။ အသနားခံစာ တင်ရေး မ တင်ရေးနှင့် ပက်သက်၍ ကျနော့် စဉ်းစားချက်မှာ လူ့အခွင့်ရေး အခြေခံဖြင့် စဉ်းစားခြင်း ဖြစ်သည်။ ….

…သူတို့ဖမ်းခြင်းမှာ မတရား သက်သက် ဖမ်းခြင်း ဖြစ်သည်။ ထို့ကြောင့် မတရားဖိနှိပ် အနိုင်ကျင့်သူကို အပြစ်မဲ့သူ တ ယောက်အနေဖြင့် တောင်းပန်ရန် အကြောင်း လုံးဝ မရှိ၊ တရားမဲ့သူကို တရားစောင့်စည်းသူက အသနားခံဖို့ မလို။…

.. သို့သော် ဖဆပလ အစိုးရသည် မဆလ အစိုရလောက် ဘယ်တုန်းကမှ မရက်စက်ခဲ့၊ မဖိနှိပ်ခဲ့။ ကျနော်တို့ကလည်း ဥပ ဒေ ပြင်ပသို့ ဘယ်တုန်းကမှ မထွက်ခဲ့။ ထိုစဉ်က ကျောင်းသား ခေါင်းဆောင်လုပ်ခဲ့ခြင်းမှာ ကျောင်းသားထု ကိုယ်စား သ မိုင်းပေး တာဝန် ထမ်းဆောင်ရန် ကျောင်းသားထုက ယုံယုံကြည်ကြည် တာဝန်ပေးအပ်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကို အောင်ကျော်၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကို်ဗဆွေ၊ ကို်နု စသော ကျောင်းသား ခေါင်းဆောင်များ၏ အစဉ်အလာကို ထိန်း သိ်မ်း ဆက်ခံခဲ့ခြင်း ဖြစ်သည်။….

….လို့ ရေးသားခဲ့တယ်။ ဒီလို ထောင်အာဏာပိုင်တွေရဲ့ အလိုကျ အသနားခံစာ မတင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက တော့ ထောင်တွင်း သမိုင်း ဇာတ်လမ်းတိုင်းမှာ ပါတဲ့ မရိုးနိုင်သော ငရဲခန်းများကို ဖြတ်သန်းရတော့တာပါဘဲ။ သူ့ရဲ့မှတ် တမ်းမှာ…

...ဝါဒါ နှစ်ယောက်သည် ကျနော့်လက်များကို နောက်ကျောသို့ အဓမ္မ ဆွဲယူသွားကြပြီး ကြိုးဖြင့် ထပ်ထပ် ချည်နေကြ သည်။ သူတို့ ရက်စက်ကြပေတော့မည်။ ပါးကွက် အာဏာသားတို့ ရမ်းကားကြတော့မည်။ ဘယ်လိုများလုပ်ကွမလဲ၊ ဘယ်ကိုများ ခေါ်သွားကြမလဲ၊ ငါတို့ သူတို့ လုပ်သမျှ တဘတ်သတ် ခံကြရတော့မှာပါလား… ..

… လက်ပြန်ကြိုး ချည်ပြီးသည်နှင့် နောက်ကျောမှ ဝါဒါ တယောက်က ကျနော့ တင်ပါးကို တအား ဆောင့်ကန်လိုက်သည်။ ကျနော်သည် ဘိုင်းကနဲ မှောက်ရက် လဲကျသွား၏။ လက်များ နောက်ပြန်ချည်ထားသဖြင့် ကိုယ့်ကိိုကိုယ် မကာကွယ်နိုင်။ မျက်နှာဖြင့် မြေကြီး ဒိုင်းကနဲ ရိုက်မိသွား၏ မျက်လုံထဲမှ ကြယ်ပွင့်များ ဖြာထွက်ကုန်သည်။ ကျနော့်ကို ဆွဲထူလိုက်ကြ ပြန် သည်။ ကျနော်သည် သူတို့ဆွဲထူရာသို့ အလိုက်သင့် ပါလာသည်။ ဝါဒါ နှစ်ယောက်သည် ကျနော့်အား တဖက်တချက်စီ မှ ဆွဲကာ လေးငါးလှမ်းမျှ ဆွဲခေါ်သွားကြ၏။ ထိုအချိ်န်တွင် နောက်ကျောဘတ်မှ တယောက်က စစ်ဖိနပ်ဖြင့် တင်းပါးကို ဆောင့်ကန်လိုက် ပြန်သည်။ ဆောင့်ကန်သည်နှင့် ချိန်ကိုက်ကာ ဘေးမှ နှစ်ယောက်က လွှတ်ပေးလိုက်သဖြင့် ကျနော့်မှာ ရှေ့သို့ အထိမ်းအကွပ် မရှိ မှောက်ရက် လဲကျသွားပြန်သည်။ ကျနော့်မျက်နှာမှာ မြေပြင်နှင့် ဒိုင်းကနဲ ရိုက်မိပြန်သည်။ ကျနော်ကို ဆွဲမကြပြန်၏၊ ဤတွင် ကျနော့်ပါးစပ်ထဲမှ ငံကျိကျိ အရည်များ ပြည့်နေသည်ကို သတိထားလိုက်မိသည်။ ကျ နော်သည် ထိုအရည်များကို ထွေးမထုတ်ပဲ မြိုချလိုက်မိသည်။ ဤကဲ့သို့ ဆောင့်ကန်လိုက်၊ ဆွဲယူလိုက် လေး ငါး ကြိမ်မျှ လုပ်ပြီးသောအခါ နောက်ထပ် ဆောင့်မကန်တော့ပဲ တွဲခေါ်လာကြသည်။

… လို့ ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု မြင်ကွင်း ကိုယ်တွေ့ကို ရေးသားခဲ့တယ်။ သူဟာ အခြား နိုင်ငံရေးအကျဉ်းသား ခြောက်ယောက်ဟာ အင်းစိန်ထောင်ထဲက ဆယ်ပေ ရှစ်ပေ သာကျယ်တဲ့ အခန်းကျဉ်းတခုထဲ ပူအိုက်လှတဲ့ နွေရာသီမှာ အတူတူ နေခဲ့ရတယ်။ လေဝင်ပေါက်ဆိုလို့ သံတိုင်တံခါးတပ်ထားတဲ့ အပေါက်သာ ရှိတယ်။ ရှေ့ တည့်တည့်မှာ ဝါဒါတွေ နေတဲ့ ရုံးခန်းက ပိတ်နေပြန်တော့ ဝင်လာမဲ့လေက မဝင်ရတော့ဘဲ တနေ့ကုန် ငရဲခံ နေရသလို ပူလောင်နေတော့တယ်။

ပူတော့ ချွေးကထွက်။ ဒီချွေးတွေက ခြောက်နေတဲ့ သွေးထဲကို စိမ့်ဝင်။ ချွေးနဲ့သွေး ရောသမပြီး ပျို့အန်ချင်စရာ သွေးညှီ နံ့တွေ ပေါ်ထွက်လာပြန်တယ်။ ဒါပေမဲ့ နံစော်နေတဲ့ မြောင်းပုပ်ဘေးမှာ နေတဲ့ လူတွေဟာ ဒီအနံ့ဆိုးတွေနဲ့ ယဉ်ပါးသွား လို့ ဘာနံ့ မှ မရတော့သလို ဒီအခန်းထဲမှာဘဲ အကျဉ်းကျနေကြရတဲ့ သူတို့တွေအတွက်ကတော့ ဒီအနံ့ဆိုးတွေကို ရှုရှိုက် နေရသော်ငြား ဘာခံစားချက်မှ မရှိတော့ဘူး။

ဒီမျှသာလား ဆိုတော့။ မကသေးဘူး။ ဒီ့ထက်ဆိုးသည့် အဖြစ်က ရှိသေးတယ်။ အဲဒါကတော့ ဂန်ဖလား ကိစ္စ။ ဂန်ဖလား ဆိုတာ နောက်ဖေးသွာဖို့ ပေးထားတဲ့ အင်တုံကို ပြောတာ။ လူ ခုနစ်ယောက် ဆီးဝမ်းသွားဖို့ပေးထားတာက အင်တုံး သေး သေးလေးတလုံး။ ဒီအင်တုံသေးသေးလေးနဲ့ ဒီလူအုပ်နဲ့ ဘယ်လိုမှ မလုံလောက်။ တာဝန်ကျ ဝန်ထမ်းကို တင်ပြရင်လည်း မင်းတို့ နိုင်ငံရေးသမားတွေ ချီးပေါက်လွန်းတယ် ဆိုပြီး ထပ်အပြစ်ပေး ခံရဖို့ဘဲ ရှိတယ်။

၁၉၆၈ခုနှစ် မေလဆန်းမှာ ထောင်အာဏာပိုင်တွေ ကျောင်းသားတွေကို ဝန်ခံကတိတွေ ရေးကြဖို့ ထောင်ဗူးကို ခေါ် ထုတ် တယ်။ ထောင်ပုံစံတွေကို မဝတ်ခိုင်းတော့ဘဲ အရပ်ဝတ်တွေကို ဝတ်ခိုင်းတယ်။ ဒီ့နောက် ဝန်ခံချက် စာရွက်တွေပေးပြီး လက်မှတ်ထိုးခိုင်းတယ်။ ပြောနေသူကတော့ ဗိုလ်တင်ကွန့်။

“မင်းတို့အားလုံး လွှတ်စာရင်း ပါတယ်။ ဒါကြောင့် ဒီခံဝန်ချုပ်ကို လက်မှတ် ထိုးကြပါ။ ပြီးရင် အိမ်တိုင်ယာရောက် လိုက်ပို့ ပေး မယ်။ မင်းတို့ ရှေ့မှာ တက်လမ်းတွေ အများကြီး ရှိတယ်။ နိုင်ငံတော် အစိုးရကို အံတုလို့တော့ ဘယ်ရမလဲ၊ အပြင် ရောက်ရင် လိမ်လိမ်မာမာ နေကြရင် မင်းတို့လည်း ဒုက္ခမရောက်ဘူး၊ ငါတို့လဲ အလုပ်မရှုပ်ဘူး”

လို့ ပြောတယ်။ ဒါပေမဲ့ ကျောင်းသားတွေက လက်မှတ်မထိုးဘဲ စာရွက်တွေကို ချက်ချင်း ပြန်ပေးလိုက်ကြတယ်။ ပြီးတော့ ကျောင်း သားတွေက

“လက်မှတ် မထိုးနိုင်ဘူး၊ ကျနော်တို့ ဒီမိုကရေစီ အခွင့်အရေးတွေ လိုချင်တယ်၊ ထောင်ကတော့ လွတ်လာပြီး ဒီမိုကရေစီ အခွင့်အရေးမှ မရရင် ထောင်ထဲနေရတာနဲ့ ဘာထူးမလဲ၊ ဒါကြောင့် ကျနော်တို့ လက်မှတ် မထိုး နိုင်ဘူး”

ကျောင်းသားတွေ လက်မှတ်မထိုးတာက… “ကျနော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်း မရှိရန် ဝန်ခံ ကတိ ပေးပါ သည်။ ကျနော်သည် နိုင်ငံတော်အစိုးရအား ဆန့်ကျင်ဝေဖန်ခြင်း လုံးဝ မလုပ်တော့ပါဟု ဝန်ခံကတိပြုပါသည်။” လို့ ဝန်ခံ ကတိ စာရွက်ထဲမှာ ပါနေလို့ပါဘဲ။

ဒီလောက် ညှဉ်းပန်းနှိပ်စက်ခြင်းကို အလူးအလဲ ခံနေ ရတဲ့ အကျဉ်းထောင်ထဲက လွတ်ချင်သပဆိုရင် သူတို့ထိုးခိုင်းတဲ့ လက်မှတ်ကလေးကို ထိုးလိုက်ရုံပ။ ဒါပေမဲ့ ဒီကျောင်းသားတွေ ဘာကြောင့် အာခံ ဆန့်ကျင်နေကြတာလဲ။ တော်ရုံ သတ္တိ နဲ့တော့ ဘယ်လိုမှ လုပ်ဝံ့စရာ မရှိတဲ့ အလုပ်။ ဒါဟာ တကယ်တော့ တိုင်းပြည်အတွက် နီစွေးသော ကျောင်သားသွေးကို ရဲနေအောင် ဖော်ပြခြင်းပင် မဟုတ်ပါလား။

ထောင်အာဏာပိုင်တွေဟာ သူတို့ထင်သလို ဖြစ်မလာတဲ့ နောက်မှာတော့ ကျောင်းသားတွေအပေါ်မှာ ရက်ရက်စက်စက် နှိပ်စက် ညှဉ်းပန်းမှုပြီး တိုက်ပိတ်ထားလိုက်ကြတယ်။ ဒါကို မကျေနပ်လို့ ကျောင်းသားတွေဟာ အစာငတ်ခံ ဆန္ဒပြခြင်းနဲ့ ထပ်မံ အာခံကြပြန်တယ်။ အစာငတ်ခံ ဆန္ဒပြတဲ့ ကျောင်းသားတွေကို ထောင်အာဏာပိုင်တွေဘက်က တုံ့ပြန်တာက သောက်ရေကိုပါ မပေးတော့ဘဲ ဖြတ်ပစ်လိုက်တယ်။ ဒါကြောင့်မို့လို့ တချို့တွေဟာ မူးမေ့လဲကုန်တယ်။

ဒီလိုမျိုး အခြေအနေက တင်းမာ ဆိုးရွားလာလို့ အချင်းချင်း ပြန်လည် ညှိနှိုင်းတိုင်ပင်ပြီးတော့ အစာငတ်ခံခြင်းကို ရပ်တန့် လိုက်ကြတယ်။ ကျောင်းသား ကိုကျော်ဌေးက အစာငတ်ခံတာကို ရပ်ပစ်ဖို့ ဆုံးဖြတ်တာကို မကျေနပ်လို့ တယောက် တည်း ဆက်ပြီး အစာငတ်ခံ ဆန္ဒပြနေခဲ့တယ်။ ဒါကြောင့် သူဟာ  အာဏာပိုင်တွေရဲ့ နှိပ်စက်ခြင်းကို ရက်ရက်စက်စက် ခံခဲ့ရတယ်။ နောက်ဆုံး သူငယ်ချင်းတွေက အမျိုးမျိုး တောင်းပန်ကြလို့ ရပ်တန့်ပေးခဲ့ပေမဲ့ အဲဒီ ဒဏ်ရာဒဏ်ချက်တွေ ကြောင့် သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့ဘဝကို စောစီးစွာ နှုတ်ဆက် ထွက်ခွါသွားခဲ့ရတယ်။

ဆရာ ဦးလှဖေဟာ အကျဉ်းထောင်ထဲမှာ ကျောင်းသား လူငယ်တွေရဲ့ ချစ်ခင် လေးစားမှုကို အထူး ခံခဲ့ရတဲ့အတွက် ထောင် အာဏာပိုင်တွေက ပိုပြီး မျက်မုန်းကျိုးခြင်းကို ခံရပြန်တယ်။ ကျောင်းသား လူငယ်တွေကို ကြိုးကိုင် ဦးဆောင်ပြီး အာခံ ခိုင်း နေတယ်လို့လည်း အထင်ရောက်ပုံ ရပါရဲ့။ ဆရာ့ရဲ့ ကျွန်းအတိတ် အရိပ်ပမာ ကိုယ်တွေ့မှတ်တမ်းထဲမှာ

… ဤကဲ့သို့ လုပ်ဆောင်မှုများကို မှားသည်ဟု ကျနော် လုံးဝမယူဆ ကျောင်းသားခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ခြင်း ကြောင့် ဘာအခွင့်အရေး ဘာရာထူးမှ ကျနော်တို့ မယူခဲ့၊ မှန်းလည်း မမှန်းခဲ့ စွန့်လွှတ်မှု အများအပြားသာ ရှိခဲ့သည်။ ဤ အတွက် ကျနော် ဝမ်းမနည်း။ ဂုဏ်ယူစရာ အဖြစ်သာ မြင်သည်။ ယခု ဤစာရေးချိန်ထိလည်း ဂုဏ်ယူနေဆဲပင် ဖြစ်သည်။ ကျောင်းသားထုသည် မည်သည့် အစိုးရ၏ အလိုတော်ရိမှ မဖြစ်သင့်၊ ကျောင်းသာ းခေါင်းဆောင်တို့သည် ဘာရာထူးမှ မ  မျှော်လင့်သင့်။ သို့မှသာ အစိုးရတရပ်က အမှားကျူးလွန်လျှင် ပြတ်ပြတ်သားသား ဝေဖန်ရဲ ကြမည်။ ထောက်ပြ ရဲကြမည်။ လိုအပ်သည့်အခါ ဆန့်ကျင် ဆန္ဒပြရ ကြမည်။ ဤနည်းဖြင့်သာ ကျောင်းသား အဖွဲ့အစည်းတို့သည် ပြည်သူ့အကျိုး၊ ဒီမို ကရေစီ အကျိုးကို တာဝန်ကျေစွာ ဆောင်ရွက်သူများ ဖြစ်နိုင်မည်။ ထို့ကြောင့် ကျနော့်မှာ တောင်းပန်ခယ အသနားခံစရာ အကြောင်း ဘာမှမရှိ။ သို့သော် ဗိုလ်ကျ မင်းမူနေသော စစ်အာဏာရှင်တို့သည် ရန်ညှိုး ကြီးစွာ ဖွဲ့ကြတော့သည်။ စိတ် ဓာတ် ရေးရာအရ ညှဉ်းဆဲ ကြသည်။ ကိုယ်ထိလက်ရောက် ညှဉ်းဆဲ ကြသည်။ မဆလ ကို ထောက်ခံပါသည် ဆိုတာလေး လောက်တော့ ရေးပေးဖို့ တောင်းဆို ကြသည်။ ကျနော်က ခေါင်းမာမြဲ မာသောအခါ ကိုကို်းကျွန်း အကျဉ်း စခန်းသို့ ပို့ လိုက် တော့သည်။ …..

သူကား ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပွားပြီးနောက် ကျောင်းသားတွေနဲ့အတူ တောခိုပြီး စစ်အာဏာရှင် စနစ်ကို တော် လှန် တိုက်ပွဲဝင်ခဲ့တယ်။ တောတွင်း တော်လှန်ရေး သမိုင်းမှာလည်း သူ့ရဲ့ အခန်းကဏ္ဍက အရေးပါလှပါတယ်။ ဒါ့အပြင် သူဟာ ဘီဘီစီ သတင်းထောက်အဖြစ် လုပ်ခဲ့လို့ ဘီဘီစီ ဦးလှဖေ ဆိုပြီး လူတွေ သိကြသလို RFA မှာ တင့်ဇော် အမည်နဲ့ ဂျနယ်လစ် လုပ်ခဲ့လို့ ဦးတင့်ဇော်လို့လို့လည်း သိကြပါတယ်။ တော်လှန်ရေး နယ်မြေထုတ် ဂျာ နယ် တွေ စာစောင်တွေ မှာလည်း စာတွေ များစွာ ရေးခဲ့ပါသေးတယ်။

မြန်မာပြည်က တက္ကသိုလ် ကျောင်းသားတွေဟာ ခေတ်အဆက်ဆက် ဗိုလ်ကျစိုးမိုး နှိပ်စက်ညှဉ်းပန်းခဲ့ကြတဲ့ အာဏာရှင် စနစ်ဆိုးကို ခေါင်းငုံ့မခံဘဲ ဆန့်ကျင် အာခံ တော်လှန်ခဲ့ကြသလို ဦးလှဖေဟာလည်း မြန်မာ့ နိုင်ငံရေး သမိုင်းစာမျက်နှာ ထဲမှာ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းက ဆရာတဦးပင် မဟုတ်ပါလော။

ဆက်စပ် သတင်းများ