သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဒေသမတည်ငြိမ်မှုကြောင့် ရခိုင်မှ ဆန်၊ စပါး အရောင်းအဝယ်နည်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 1.5k

မာန်ယုကျော် (ရွှေဝမြေ) | စစ်တွေ၊ ဇွန် ၁၂/ ၂ဝ၁၉

ရခိုင်ဒေသမတည်မငြိမ်ဖြစ်နေသည့်အတွက် ပြည်နယ်တွင်းမှ ဆန်၊ စပါးများ ယခုနှစ်တွင် အရောင်းအဝယ် နည်းပါးနေကြောင်း လယ်သမားများက ပြောသည်။

"အရင်နှစ်က ဒီအချိန်ဆို လယ်သမားတွေရဲ့လက်ထဲမှာ စပါးဟာ မရှိသလောက်ဖြစ်သွားပြီ။ ကုန်သည်တွေက  ဝယ်သွားကြပြီ။ ဒီနှစ်မှာတော့ကုန်သည်တွေကလည်း မရောက်ဘူး။ အရောင်းအဝယ်နည်းပါတယ်"ဟု မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာမှ လယ်သမား ဦးဘိုထူးက နိရဥ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အဓိကထားစိုက်ပျိုးတတ်ကြသည့် ရွှေဝါထွန်းနှင့် သီရိဒုံစပါးများမှာ ၅၂ ဗူးဝင် တောင်း ၁ဝဝ ကို ကျပ် ၂ သိန်းခွဲစျေးရှိပြီး ပေါ်ဆန်းမွှေးဆိုလျှင် တောင်း ၁ဝဝ ကို ကျပ် ၄ သိန်း ဝန်းကျင်စျေးရှိသည်ဟု လယ်သမားများက ဆိုသည်။

ပေါ်ဆန်းမွှေးစပါးသည် ယခင်နှစ်က ယခုလို မိုးတွင်းတွင် တောင်း ၁ဝဝ ကို ၃ သိန်းခွဲ ဝန်းကျင်ခန့်သာရှိခဲ့သော်လည်း မိုးလွန်ကာလဖြစ်သည့် အောက်တိုဘာလတွင် ကျပ် ၅ သိန်းအထိ ပေါက်စျေးရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပေါ်ဆန်းမွှေး တောင်း ၁ဝဝ ကို ကျပ် ၄ သိန်းဝန်းကျင်ခန့်သာရှိသော်လည်း ဝယ်သူမရှိဖြစ်နေသည်ဟု လယ်သမားများက ဆိုသည်။

"အရောင်းအဝယ်မကောင်းဘူး။ ဝယ်မယ့်သူတွေမရောက်ဘူး။ စပါးရောင်းချင်ရင် ပုဏ္ဏားကျွန်းက ဆန်စက် သမားတွေနဲ့ သွားချိတ်ရတယ်။ အရင်နှစ်ကဆိုရင်တော့ ဝယ်ဖို့ရောက်ကြတယ်။ ဒီနှစ်တော့ အရောင်းလည်း မကောင်း၊ မဝယ်လည်း မကောင်းဖြစ်နေကြတယ်"ဟု ပုဏ္ဏားကျွန်းမြို့နယ် ရေပေါက်ချောင်းကျေးရွာမှ ဦးသာမြက နိရဥ္စရာကိုပြောသည်။

ရခိုင်ပြည်နယ်ရှိ စပါးအများဆုံးထွက်ရှိသည့်မြို့နယ်များဖြစ်သည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် ပြီးခဲ့သည့်နှစ် စပါးပေါ်ချိန်မှစတင်ကာ တိုက်ပွဲများဆက်တိုက်ဖြစ်နေသည့်အတွက် ယခုကဲ့သို့ အရောင်းအဝယ်နည်းပါးနေခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။

"ဘာကြောင့်လဲဆိုရင် အခုက ပြည်တွင်းစစ်ဖြစ်နေတာကလည်း တစ်ကြောင်း။ ပြီးတော့ အဓိကတော့ ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက်ပေါ့လေ။ ကုန်သည်တွေကလည်း ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် လည်ပြီးတော့ မဝယ်ရဲတာကလည်း တစ်ကြောင်းပေါ့။"ဟု မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာမှ လယ်သမား ဦးဘိုထူးက နိရဥ္စရာသို့ ဆက်လက် ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်မှ ဆန်၊ စပါးများကို ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းစသည့် အိမ်နီးချင်းနိုင်ငံများကို တင်ပို့မှုအားနည်းနေ၍လည်း ယခုကဲ့သို့ အရောင်းအဝယ်နည်းပါးခြင်းဖြစ်နိုင်သည်ဟုလည်း သုံးသပ် နေကြသည်။

"ဦးတို့က တီဗီတွေဘာတွေကြည့်တော့ နိုင်ငံခြားတွေကို အပို့လည်း နည်းတယ်။ တရုတ်ဘက်တွေကလည်း ပိတ်ထားတယ်ပြောသံကြားတယ်။ အဲဒါတစ်ခုနဲ့လည်း ဆိုင်တယ်။ နောက်တစ်ခုက သိရတာက မြန်မာနိုင်ငံက ဆန်စပါးတွေမှာ အစိုများတယ်လို့ပြောတယ်။ နိုင်ငံခြားသားတွေ သိပ်မကြိုက်ဘူးလို့ပြောတယ်။ အဲဒါလည်း တစ်ခုဆိုင်တယ်ထင်တယ်။"ဟု လယ်သမား ဦးသာမြက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ဆန်၊ စပါးလုပ်ငန်းရှင်များအသင်းအား နိရဥ္စရာက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။

ဘင်္ဂလားဒေ့ရှ်နှင့် ကုန်စည်အရောင်းအဝယ်လုပ်နေသည့် မောင်တောနယ်စပ်ကုန်သွယ်ရေးအသင်းထံ ဆက်သွယ်ရာ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက "ကျနော်တို့ကတော့ ရခိုင်က ဆန်၊ စပါးတွေကို ဘင်္ဂလားဒေ့ရှ်ကို မပို့တာ တစ်နှစ်ကျော်လောက်ရှိပါပြီ။ ဒီက စျေးများပြီး ဟိုမှာကျ စျေးနည်းတဲ့အတွက် ဝယ်လက်မရှိလို့ မပို့ဖြစ်တာပါ"ဟု နိရဥ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ စပါးအရောင်းအဝယ်မရှိဖြစ်နေ၍ လယ်သမားများတွင် ယခင်နှစ်က ချေးထားသည့် ဘဏ်ချေးငွေများကိုပင် ပြန်လည်မဆပ်နိုင်သူများရှိနေကြကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ