ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြောက်ဦးရွာဟောင်းတောရွာပစ်ခတ်မှု ရွာသား ၄ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 965

ခိုင်လူလှ | နိရဥ္စရာ၊ ဇွန် ၁၃/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာတွင် ယနေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာသား ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

၎င်းပစ်ခတ်မှုကို စစ်တပ်က ပစ်ခတ်ခြင်း ဖြစ်ကြောင်း ရွာသားများက ပြောကြားသော်လည်း တပ်ဘက်ကမူ ရွာထဲကနေ တပ်မတော် ယာဉ်တန်းကို ပစ်ခတ်၍ ပြန်လည် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ပစ်ခတ်မှု ဖြစ်ပွားစဉ် ၎င်းရွာထဲသို့ ရောက်နေသည့်  မြို့ဦးခေါင်းဆရာတော်က “ ရွာဟောင်းတောရွာမှာ  တပ်မတော်ကနေ ရွာကို ပတ်ပြီးတော့ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ လက်နက်ငယ်နဲ့လည်း ပစ်တယ်။ အခု ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ထိတယ်။ နောက်ပီး အရပ်ထဲမှာလည်း ရွာသား ၂ ဦး ဒဏ်ရာရတယ်။ အခု အရေးပေါ်ကားလည်း ခေါ်လို့ မရသေးဘူး။ လမ်းပိတ်နေလို့။ ရွာသားတွေက အကုန်လုံး ကိုယ့်နေရာနဲ့ ကိုယ်ပုန်းနေကြတယ်။ ဦးဇင်းက လမ်းဘေးမှာနေတယ်။ ပစ်ခတ်တော့ ကျည်လွတ်ရာမှာ ပုန်းနေရတယ်။ သူတို့ ကားသုံးစီးနဲ့ လာတယ်။ ကားသုံးစီးနဲ့ လာပြီးမှ ရွာဟိုဘက် ဒီဘက် ပစ်ကြတာဘဲ။ ဘာကြောင့် ပစ်တယ်ဆိုတာ ဦးဇင်းတို့လည်း မသိဘူး။ ညနေ ၃ နာရီ ၃ဝ မိနစ်မှာ ဖြစ်တာ” ဟု ယနေ့ ၅ နာရီကျော်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

တိုက်ပွဲ ဖြစ်တာတော့ မဟုတ်ကြောင်း၊ တပ်မတော်က ပစ်သည့် လက်နက်ကြီး သေနတ်သံတွေ တစ်ခုဘဲ ကြားရကြောင်း၊  ပထမ ရွာပြင်ကနေ ပစ်ကြောင်း၊ နောက်ပိုင်းတွင် စစ်တပ်က ရွာထဲကို လမ်းလျှောက် ဝင်လာပြီး ပစ်ခတ်ကြောင်း၊ လမ်းမှာတွေ့တာကို ပစ်ကြောင်း၊ ဆရာတော်ကားကိုလည်း ပစ်ခတ်ခဲ့ကြောင်း၊ ကားမှန်ကိုဖောက်ပြီး ပျက်စီးသွားကြောင်း၊ တစ်ခြား အရပ်သားကားတစ်စီးကို ပစ်ခတ်၍ ပျက်စီး သွာကြောင်း ဆရာတော်က ပြောကြားသည်။

ရွာဟောင်းတောရွာက အမျိုးသမီး တစ်ဦးက “ မင်းတို့ရွာမှ အေအေရှိတယ်ဆိုပြီး ဆဲဆိုသွားပါတယ်။ တိုက်ပွဲ ဖြစ်တာတော့ ဟုတ်မယ်မထင်ဘူး။ သူတို့ ပစ်တာဘဲ ဖြစ်မှာပါ။ ကျွန်မတို့ တစ်ရွာလုံးက  အသက်အန္တရာယ် စိုးရိမ်ပြီး ဟိုမှာ ပုန်း၊ ဒီမှာပုန်း၊  ပုန်းနေခဲ့ကြရတယ်။ ပစ်တာ အများကြီး၊ ဘယ်က လာမှန်းမသိဘူး။ စစ်သားတွေက ပစ်တာလေ။ သူတို့က ပန်းမြောင်းဘက်က လာတယ်။ ရွာနားမှာ ကားကို တန့်ထားတယ်။ ရွာဟောင်းတော ရွာဦးက အကုန်လုံး ပစ်တယ်။ အိမ်တွေမှာလည်း ကျတယ်။ ကားလည်း နှစ်စီးပျက်သွားတယ်” ဟု ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း  ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်ရာ ရွာဟောင်းတောရွာမှ သေနတ်ဖြင့် တပ်မတော် ယာဉ်တန်းနှင့် လမ်းလုံခြုံရေး တပ်ဖွဲ့ဝင်များကို ပစ်ခတ်၍ ပြန်ပစ်ရကြောင်း ပြောကြားသည်။

“ အုပ်ချုပ်ရေး လုပ်ငန်း ယာဉ်တန်းကို ဒီကောင်တွေပစ်လို့ ပြန်ပစ်တာ။ ရွာကို ပစ်တာမဟုတ်ဘူး။ ဒီကောင်တွေပစ်လို့ ပစ်တာ။ မနက်က အဲဒီရွာကို အုပ်ချုပ်ရေး ယာဉ်တန်းဖြတ်သွားတော့ လူတွေ အကုန်လုံးရှိတယ်။ ညနေ ယာဉ်တန်းဖြတ်တော့ ရွာမှာ တစ်ယောက်မှ မရှိတော့ဘဲ တပ်မတော်  ယာဉ်တန်းကို ပစ်တာ။ လမ်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ရွာထဲကနေ ပစ်လို့ ပြန်ပစ်တာ၊ ရွာကို ပစ်တာ မဟုတ်ဘူး” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောဆိုသည်။ 


ဒဏ်ရာ ရသူ ၄ ဦးထဲတွင် ဦးလှထွန်းသာ (၅၅) နှစ်တွင် ညာဘက် လက်မောင်းကို  အမြောက်ဆံထိပြီး လူငယ် တစ်ဦးဖြစ်သူ ထွန်းစံလှ (၂ဝ) နှစ်တွင် တင်ပါးတွင် ထိမှန်သည်ဟု သိရကြောင်း၊ သို့သော်လည်း စိုးရိမ်စရာ မရှိဟု  ရွာသားများက ပြောဆိုသည်။ ဒဏ်ရာရသူများကို လူနာတင်ကားများဖြင့် မြောက်ဦးဆေးရုံကို ယူဆောင်လာခဲ့ပြီဟု သိရသည်။

ဆက်စပ် သတင်းများ