နိရဥ္စရာ၊ ဇွန်လ ၁၄/ ၂၀၁၉
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဆင်အိုးကျေးရွာမှ အမျိုးသမီး တစ်ဦး အပါအဝင် ရွာသား ရ ဦးကို စစ်ကြောင်း တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
၎င်းတို့သည် စက်တပ်လှေငယ် တစ်စီးဖြင့် စေတီတောင်ရွာဟောင်းရှိ စစ်ဘေးရှောင်စခန်းသို့ ပြန်လာစဉ် စစ်ကြောင်း တစ်ခုနှင့် ရဗချောင်း တံတားအနီးတွင် တိုးရာမှ စစ်ကြောင်းကနေ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
စေတီတောင်ရွာဟောင်း စစ်ဘေးရှောင် စခန်းတွင် ခိုလှုံနေသူ ဆင်အိုးရွာသား တစ်ဦးက “ အခု သူတို့ကို ကျောက်ဆည်ပြင်ရွာကို ခေါ်ယူသွားပြီး အဲဒီမှာ ဖမ်းထားတယ်လို့ ပြောပါတယ်။ မနေ့က မနက် ၁၀ နာရီလောက်မှာ ရဗချောင်း တံတားအနီးမှာ စစ်တပ်က ဖမ်းသွားတယ်လို့ သိရပါတယ်။ သူတို့စီးလာတဲ့ စက်လှေလည်း ရေထဲမှာ မျောပါလာပြီး ကျီရာပြင်ကဆယ်ထားတယ်လို့ ပြောပါတယ်။ သူတို့က ရွာကနေ စေတီတောင်ရွာဟောင်း ဒုက္ခသည် စခန်းကို ပြန်လာစဉ် အဖမ်းခံ၇တာပါ” ဟု ပြောကြားသည်။
ဖမ်းဆီးခံ၇သူများမှာ ဦးတင်တင်မောင် (၃၂) နှစ်(ဘ) ဦးဖြူထွန်း၊ ကိုမောင်လှဝင်း (၂၈) နှစ်(ဘ) ဦးစံသိန်းမောင်၊ ကိုမောင်လှရွှေ (၂၁) နှစ်(ဘ) ဦးထွန်းအောင်ကျော်၊ ဦးထွန်းထွန်းအေး(၂၆) နှစ်၊ ကိုမောင်လှသိန်း (၂၈) နှစ် (ဘ) ဦးဂေါက်၇အောင်၊ မောင်ညီညီသန်း (၁၅) နှစ်(ဘ) ဦးမြင့်မောင်နှင့် ဒေါ်ပုပု (၃၀) နှစ် (ဘ) ဦးမောင်လုံးတို့ဖြစ်ကြသည်။
ယမန်နေ့ နံနက် ကျောက်ဆည်ပြင်ရွာရှေ့ ဆည်တွင်းက လက်နက်ကြီး ပစ်ခံသားများကို ကြားခဲ့ရကြောင်၊ လက်နက်ကြီးအသံကိုသာ ကြားရပြီး၊ လက်နက်ငယ်သံ မကြားရသဖြင့် တိုက်ပွဲ ဖြစ်၊ မဖြစ်ကို မသိရကြောင်း၊ ၎င်းနောက်ပိုင်းတွင် ရွာသား ရ ဦးဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ၎င်းဆင်အိုးရွာသားက ဆက်လက် ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်သို့ ဆက်သွယ်မေးမြန်းရာ ရွာသား ၇ ဦးကို ခေါ်ဆောင်သွားခြင်းမှာ မှန်ကန်ကြောင်း၊ မိသားစုများက သူထံသို့ တိုင်ကြားထားကြောင်း ပြောကြားသည်။
“ သူတို့က အခြေအနေ အေးဆေးရင် စေတီတောင်စစ်ဘေးရှောင် စခန်းကနေ သူတို့ရွာ ဆင်အိုးကို လာပြီး အလုပ် လုပ်တယ်။ အခြေအနေမကောင်းရင် ရွာကိုပြန်လာတယ်။ မနေ့က အခြေအနေမကောင်းတဲ့ အတွက် စက်လှေနဲ့ ပြန်လာရာမှာ နံနက် ၁၀ နာရီလောက်မှာ တောင်ဦးနဲ့ ကျောက်ဆည်ပြင် အကြား ရဗချောင်းတံတားအနီးမှာ အဖမ်းခံရတယ်လို့ သိရပါတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိရသေးဘူး။ အမျိုးသမီး တစ်ဦး အပါအဝင် ၇ ဦး ဖြစ်ပါတယ်” ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။
ယခုအခါ အဖမ်းခံထားရသူ ရ ဦး၏ မိသားစုများမှာ အထောက်အထား စာရွက်စာတန်းများကို ယူဆောင်ပြီး ကျောက်ဆည်ပြင်ရွာသို့ လိုက်ပါသွားကြောင်း သိ၇သည်။