ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ကျေးရွာသားတစ်ဦးတို့ကို ပထမဆုံးအကြိမ်ရုံးထုတ် ရမန်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 395

သိန်းဇော် (မောင်တော) | စစ်တွေ၊ ၁၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာမှ ဖမ်းဆီး ခံထားရသည့်  ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား တစ်ဦးတို့ကို  ယနေ့ ပထမဆုံးအကြိမ် ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ် ရမန်ယူခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့မှာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်(၅၁)နှစ်နှင့် အသက် ၅ဝ အရွယ် ဦးကျန်သိန်းအောင်တို့ ဖြစ်ကြသည်။

၄င်းတို့ ၂ဦးအား မေလ ၂၉ ရက်နေ့ မင်းသားတောင်ကျေးရွာမှ  နေအိမ်တွင်ရှိနေစဉ် ညနေ ၄ နာရီခန့်က စစ်တပ်နှင့် ရဲပူးပေါင်းပြီး ဖမ်းဆီးသွားခဲ့သည်။

အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်၏ ညီမဖြစ်သူ ဒေါ်ဦးချမ်းနုက “ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်တာပါ။ ရုံးထုတ်ပြီး ရမန်ယူတယ်။ ရမန်ယူပြီး နောက်ထပ် လာမည်ဇွန်လ ၂၇ ရက်နေ့ကို ရုံးချိန်း ပေးလိုက် ပါတယ်။  အခြေအနေကို ဘာမှမသိရသေးဘူး ”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါဖမ်းဆီးခံထားရသူ ၂ ဦးအား ရက္ခိုင်တပ်တော် AA နှင့် ဆက်စပ်ပြီး ရိက္ခာ ထောက်ပ့ံသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ဦးချမ်းနုက ပြောသည်။

“ဘာအပြစ်မှ လုပ်ထားတာမရှိဘူး။ သူတို့က မတရား စွပ်စွဲပြီးဖမ်းတာပါ။ အပြစ်မရှိတဲ့လူကို အခုလို မတရားဖမ်းဆီး စစ်ဆေးနေတာ စိတ်မကောင်းပါဘူး။ အမြန်ဆုံး ပြန်လွတ်ပေးစေချင်ပါတယ်” ဟု  ဒေါ်ဦးချမ်းနုက ပြောသည်။

ထိုသို့ မင်းသားတောင် အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ်ထဲမှ ကျေးရွာအုပ်ချုပ်ရေးမှူး (၄၅)ဦးလည်း နုတ်ထွက်စာ တင်ထားကြကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းဝင်းက “ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ သူတို့လည်း အစိုးရအစိတ်အပိုင်း တစ်ရပ်ဖြစ်တယ်။ လူထုကိုတာဝန်ခံပြီးတော့ ကျေးရွာမှာ အုပ်ချုပ် နေကြတဲ့လူတွေပါ။ သူတို့ကို အခြေအနေတစ်ခု ဖြစ်လာတဲ့အခါမှာ ကြက်ကလေး ငှက်ကလေးလို ဖမ်းဆီးသွားတာမျိုးတွေ ကြုံလာရတဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လက်ရှိတာဝန်ကို ထမ်းဆောင်ဖို့တောင် ကြောက်နေကြရတဲ့ အနေအထား ကျနော်တို့ ကျောက်တော်မှာကြုံနေရတယ် ”  ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး အနည်းဆုံး ၃ ဦး ဖမ်းဆီးခံနေရပြီး ထိုအထဲမှ ဘူးသီးတောင်မြို့နယ် သရက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်မှာ ၅ လကြာ ဘူးသီးတောင်ထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အပြစ်မရှိသဖြင့် ဘူးသီးတောင် မြို့နယ် တရားရုံးက မေလ ၂၈ ရက်နေ့က ပြန်လည် လွတ်ပေးခဲ့သည်။

ဆက်စပ် သတင်းများ