သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်ဘေးရှောင်စခန်းများတွင် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မရှိသူ အများအပြားရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 5.8k

နိရဥ္စရာ၊ ဇွန်လ ၁၅/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်နှင့် အောင်ဇေကုန်းရှိ စစ်ပြေးရှောင် စခန်းများတွင် အိမ်ထောင်စုစာရင်နှင့် မှတ်ပုံတင်မရှိသူ အများအပြားရှိနေကြောင်း စစ်ဘေးရှောင်များက ပြောကြားသည်။

တစ်ချို့တွင် အိမ်ထောင်စု စာရင်းရှိပြီး မှတ်ပုံတင်မရှိကြောင်း၊ တစ်ချို့တွင် မှတ်ပုံတင်ရှိသော်လည်း အိမ်ထောင်စု စာရင်း မရှိကြောင်း၊ တစ်ချို့တွင် မှတ်ပုံတင်ရော အိမ်ထောင်စု စာရင်းပါ မရှိကြကြောင်း သက်ဆိုင်ရာ စစ်ဘေးရှောင် စခန်း တာဝန်ရှိသူများက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

စေတီပြင် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူ စံထွန်းလှ “ ဒီလို တိုက်ပွဲ တွေ ဖြစ်နေတဲ့ အချိန်ကာလမျိုးမှာ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းတွေ လိုအပ်ပါတယ်။ အာဏာပိုင်တွေ စစ်ဆေးတဲ့ အခါ မှန်မှန်ကန်ကန် ဖြစ်နိုင်အောင် ကျွန်တော်တို့ရွာသားတွေ အတွက် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေကို အချိန်မီ ထုတ်ပေးစေလိုပါတယ်” ဟု ပြောကြားသည်။

စေတီပြင် စစ်ဘေးရှောင်စခန်းတွင် ရေစိုးချောင်းကျေးရွာမှ ရောက်ရှိခိုလှုံနေသူ အိမ်ထောင်စု ၂၄ စု- လူဦးရေ ၁ဝ၂ ဦး (ကျား ၄၂၊ မ ၆ဝ)၊ စည်တောင်မှ မိသားစု ၈ စု၊ လူဦးရေ ၃ဝ (ကျား၁၃၊ မ၁၇)၊ ကျောက်ပြင်ဆိပ်ရွာမှ မိသားစု ၃ စု၊ လူဦးရေ၁၆ ဦး (ကျား၅၊ မ ၁၁) ဦး အပါအဝင်  ကျေးရွာ ၁၃ ရွာမှ လူပေါင်း ၂၈ဝ ရှိကြောင်း သိရသည်။

ထိုအထဲတွင် အများစုမှာ မှတ်ပုံတင် မရှိ ဖြစ်နေကြပြီး ရေစိုးချောင်းတစ်ရွာတည်းမှ မှတ်ပုံတင် မရှိသူ ၁၅ ဦး၊ အိမ်ထောင်စု စာရင်းမရှိသူ မိသားစု ၄ စု ရှိကြောင်း သိရသည်။

“ ကျနော်တို့က ရသေ့တောင်ကို မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း သွားလုပ်တဲ့အချိန်မှာ ကျနော်တို့ သွားလာရတာတွေလည်း အခက်အခဲ ရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ မှတ်ပုံတင် လုပ်ဖို့ ရသေ့တောင်မြို့ပေါ်ကို မော်တော်ဘုတ်နဲ့သွားရင် ၁ဝနာရီ ၁၁ နာရီလောက်မှာ ရောက်သွားတယ်။ နေ့လယ် ၁ နာရီခွဲရင် ဘုတ်က ပြန်ထွက်ပါတယ်။ အဲဒါကြောင့်  တစ်နေ့တည်းမရနိုင်ဘူး။ မြို့ပေါ်မှာ တစ်နေ့ ပိုပြီးနေထိုင်မယ်ဆိုရင်လည်း ငွေကြေးက မတတ်နိုင်ဘူး။  နောက်ပြီးတော့ လဝက တာဝန်ရှိသူတွေ ကလည်း ဂရုတစိုက် ဆောင်ရွက်ပေးခြင်း အားနည်းတဲ့ အတွက်ကြောင့် မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းလုပ်ဖို့ အခက်အခဲ များစွာရှိနေပါတယ်” ဟု ပြောကြားသည်။

ကျေးရွာများတွင် မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း မရှိသည့်အတွက် မိသားစုများအထဲမှ အရွယ်ရောက်သူ အမျိုးသားများအနေဖြင့် အိမ်ထောင်စု စာရင်း စစ်ဆေးရန် လာတိုင်း အထူးစိုးရိမ်နေကြရသည်ဟု  စစ်ဘေးရှောင် စခန်းထဲတွင် နေထိုင်နေသူ ဒေါ်မြသန်းနုက ပြောသည်။

“ ကျမတို့ မိသားစုမှာ အိမ်ထောင်စု စာရင်းပါတယ်။ မှတ်ပုံတင်မပါကြဘူး။ မှတ်ပုံတင်မရှိလို့ ကျမတို့ကလည်း တော်တော်ဒုက္ခရောက်နေပါတယ်။ မှတ်ပုံတင်လုပ်ချင်ပါတယ်။ လူကြီးတွေကလည်း လုပ်ပေးမယ်လို့ ပြောပြီး အခုထိလုပ်မပေးသေးဘူး” ဟု ပြောဆိုသည်။

တစ်ခြားအမျိုးသမီး တစ်ဦးကလည်း မှတ်ပုံတင် လာလုပ်ပေးစဉ်က ငွေ ၅ဝဝဝ ကျပ် မရှိ၍ မှတ်ပုံတင် မရလိုက်ဟု ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအား မေးမြန်းရာ သူမက “ အခု မှတ်ပုံတင် မရှိသူ၊ အိမ်ထောင်စု စာရင်းမရှိသူတွေကို စာရင်းကောက်ယူပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြပေးသွားပါမယ်။ အခုအခြေအနေက အရင်လို တည်ငြိမ်နေတဲ့ အချိန်မဟုတ်တဲ့အတွက် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်တွေကို လူတိုင်း မဖြစ်မနေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။ ဒါကို ကျွန်မ ဆွေးနွေးတင်ပြသွားပါမယ်” ဟု ပြောကြားသည်။

အလားတူ  ရသေ့တောင်မြို့နယ် အောင်ဇေကုန်း စစ်ဘေးရှောင် စခန်းတွင်လည်း မှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းမရှိသူ အများအပြားရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ