Preview

မြောက်ဦး စင်းဘောကိုင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း ရေနစ်မြုပ်နိုင်

ဇွန် ၁၈/ ၂၀၁၉ | ကြည့်ရှုသူ :1419
ရခိုင် သတင်း

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၁၈/ ၂၀၁၉

မိုးဆက်လက်ရွာပါက မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်း ရေနစ်မြုပ်နိုင်ခြေရှိနေသဖြင့် အမြန်ဆုံး ကုန်းမြင့်နေရာသို့ ပြောင်းရွှေ့ရန် လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

လေးမြို့မြစ်အထက်ပိုင်း မြောက်ဦးမြို့နှင့် ရ မိုင်ခန့်အကွာ မြစ်ကမ်းဘေးတွင်တည်ရှိသည့် စင်းဘောကိုင်း စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်း မိုးဆက်လက်ရွာပါက သဲသောင်ပြင်တစ်ခုလုံး ရေလျှံပြီး ယာယီ ဆောက်လုပ်ထားသည့် တဲများ ရေနစ်မြုပ်ကာ အခက်တွေ့နိုင်ကြောင်း စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည် တစ်ဦးဖြစ်သူ ဦးမောင်ဖြူဒေါင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သူက “ ကျနော်တို့ အခုလက်ရှိနေတဲ့ ဒီသဲသောင်ပြင်ဟာ ထပ်ပြီးမိုး ၂ ကြိမ်လောက်ရွာလိုက်ရင် မြုပ်သွားမှာပါ။ အခုတောင်ရေက တဲနားရောက်နေပါပြီ။ သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး ဒီကနေရွေ့ပေးစေချင်ပါတယ်” ဟု ပြောသည်။

ရေလွတ်ရာ ကုန်းမြင့်တနေရာသို့ အချိန်မှီပြောင်းရွေ့မပေးပါက စခန်းတွင်းရှိ သက်ကြီးရွယ်အိုများ၊ မသွားနိုင်မလာနိုင်သည့် လူမမာများ၊ ကလေးငယ်များ အခက်အခဲများစွာ ကြုံတွေ့နိုင်ကြောင်း၊  ညပိုင်း၌ မိုးရွာပြီး ရေတက်လာပါက ပိုပြီး ဒုက္ခရောက်နိုင်ကြောင်း ဦးမောင်ဖြူဒေါင်းက ဆက်ပြောသည်။

“ကျနော်တို့က တခြားတစ်နေရာ ရေလွတ်တဲ့ ကုန်းမြင့် တစ်နေရာကို ရွေ့ချင်ပါတယ်။ အဲဒါကို ICRC ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကို ရွေ့ပေးဖို့ တင်ပြ အကူအညီတောင်းထားပါတယ်။ မိုးကဆက်တိုက်ကျလာတော့မှာဆိုတော့ အခုကျနော်တို့ ဘယ်လို လုပ်၇မလဲ မသိတော့ဘူး ”ဟု ၄င်းက ပြောသည်။

စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၄၄၀ ရှိပြီး လူဦးရေ တစ်ထောင်ခန့်ရှိကြောင်း သိရသည်။

မြတန်ဆောင်းဆရာတော်က “အခုက ရာသီဥတုသာယာနေတဲ့အတွက် မြစ်ရေက ဝုန်းကနဲ ဒိုင်းကနဲ မတက်တာပါ။ တကယ်လို့ မြစ်အပေါ်ပိုင်းမှာ မိုးကြီးခဲ့မယ်ဆိုရင် အရမ်းစိုးရိမ်ရပါတယ်။ ဒီမြေပြင် တစ်ခုလုံးကို ရေလွှမ်းမိုးသွားမှာပါ။ ရခိုင်ပြည်နယ်ဟာ မိုးများတဲ့ဒေသတစ်ခုဖြစ်တဲ့အတွက် မိုးရွာလာမှာကိုကြောက်နေရပါတယ်”ဟု မိန့်ကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ စည်ပင်ဝန်ကြီးသို့ ဖုန်းဆက်ဖြင့် ဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးသဖြင့် ရခိုင်ပြည်နယ် အစိုးရ၏ တုန့်ပြန်မှု သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.