Preview

စစ်ဘေးဒုက္ခသည်ကိစ္စ ဖြေရှင်းလိုလျှင် စစ်ပွဲများအမြန်ရပ်ရန်လိုဟု ရခိုင်အရေးလေ့လာနေသူဆို

ဇွန် ၁၈/ ၂၀၁၉ | ကြည့်ရှုသူ :9271
ရခိုင် သတင်း

ခိုင်လင်း

နိရဥ္စရာ၊ ဇွန် ၁၈/ ၂၀၁၉

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်အရေးကို ဖြေရှင်းလိုလျှင် စစ်ပွဲများအမြန်ရပ်ရန် လိုအပ်ကြောင်း စာရေးဆရာ ဦးမောင်မောင်စိုးက ပြောဆိုလိုက်သည်။

“စစ်ဘေးဒုက္ခသည်တွေကိစ္စဖြေရှင်းဖို့က  စစ်ပွဲတွေအမြန်ရပ်မှဖြစ်မယ်။ လာမယ့် မြောက်ပိုင်း မဟာမိတ် လေးဖွဲ့နဲ့ ဆွေးနွေးတဲ့အခါမှာ  ဖြစ်နိုင်တဲ့အခြေအနေ အချက်အလက်အပေါ် သဘော တူညီချက် ယူမယ်ဆိုရင် စစ်ရပ်စဲရေး လုပ်လို့ရနိုင်မှာပဲ ” ဟု စာရေးဆရာဦးမောင်မောင်စိုးက ပြောသည်။

လက်ရှိစစ်ဘေးဒုက္ခသည်အခြေအနေများနှင့်ပတ်သက်၍ စစ်တွေမြို့ရှိ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေး ကော်မတီရုံးတွင် ဇွန်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် စာရေးဆရာ ဦးမောင်မောင်စိုးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ပွဲများရပ်မည်ဆိုပါက ငြိမ်းချမ်းရေးဖြစ်စဉ်သည် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့၏ နှစ်ဖက်စလုံး ပေါ်တွင်မူတည်ပြီး  ပကတိအခြေအနေကို မျက်မှောက်ထား၍  ညှိနှိုင်းဆွေးနွေးလျှင် အပစ်ရပ်စဲရေးလုပ်ဆောင်ရန် အဆင်ပြေနိုင်မည်ဟု ယုံကြည်ကြောင်း သူကပြောဆိုသည်။

“ မင်းပြားနဲ့ မြောက်ဦးမှာတော့ အခုရက်ပိုင်းစစ်ပွဲတွေရှိတဲ့အတွက် စစ်ဘေးရှောင်တွေထပ်တိုးလာတယ်။ ကျောက်တော်နဲ့ ရသေ့တောင်မှာ တိုက်ပွဲဖြစ်မှုနည်းနည်းလျော့တယ်။ ကျောက်တန်းဖြစ်စဉ်နဲ့ လက်တလော ပေါက်တောပြင်ဖြစ်စဉ်တွေအပြီးမှာ အစိုးရစစ်တပ်လာရင်  ရွာလုံးကျွတ်ထွက်ပြေးတာတွေရှိတာကြောင့် ဒုက္ခသည်တွေ များလာတာတွေ့ရတယ်။ စခန်းတွေက တစ်ခါထွက်ပြေးတာတွေရှိတယ်။ စစ်ဘေးဒုက္ခသည် ကိစ္စ ဖြေရှင်းဖို့က အပစ်ခတ်ရပ်စဲဖို့အဓိကပါဘဲ” ဟုစာရေးဆရာဦးမောင်မောင်စိုးက ပြောသည်။

ဆရာဦးမောင်မောင်စိုးသည် ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေး ကော်မတီ၏ ဖိတ်ကြားချက်အရ ၇ခိုင်ပြည်နယ်  စစ်တွေမြို့သို့  ဇွန်လ  ၁၅ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ကျောက်တော်မြို့နယ်ကို ဇွန်လ ၁၆ ရက်နေ့၊ မြောက်ဦးနှင့် ၇သေ့တောင်မြို့နယ်များကို  ဇွန် ၁၇ ရက်နေ့ တွင် အသီးသီး သွားရောက် လေ့လာခဲ့ပြီးနောက် သူ၏ ခရီးစဉ် အပြီးတွင် စစ်တွေမြို့တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.