နိရဥ္စရာ၊ ဇွန် ၁၉/ ၂၀၁၉
ရခိုင်ပြည်နယ် အနယ်နယ်အရပ်ရပ်ရှိ စစ်ဘေးဒုက္ခကြောင့် ဖြစ်စေ၊ ငွေကြေးအခက်အခဲကြောင့် ဖြစ်စေ၊ မိသားစု အခက်အခဲများကြောင့် ဖြစ်စေ ပညာသင်ကြားရေးအခက်အခဲရှိနေကြသော အဋ္ဌမတန်းမှ ဒသမတန်းထိ ကျောင်းသား၊ ကျောင်းသူများကို သံတွဲမြို့တွင် တည်ရှိသည့် ရှေ့ဆောင် ကိုယ်ပိုင် ဘာသာရပ် သင်တန်းကျောင်းမှ အခမဲ့ပညာ သင်ကြားပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
“ အဋ္ဌမတန်း၊ န၀မတန်းနဲ့ ဒသမတန်းတို့မှာ တက်ရောက်ပညာသင်ကြားလိုပေမယ့် စစ်ဘေး ဒုက္ခကြောင့် ဖြစ်စေ၊ ငွေကြေးအခက်အခဲကြောင့်ဖြစ်စေ၊ မိသားစုအခက်အခဲများကြောင့်ဖြစ်စေ ပညာ ဆက်လက် မသင်နိုင်ဘဲ ကျောင်းထွက်ရမယ့် အခြေအနေထိ အခက်အခဲဖြစ်နေတဲ့ ကျောင်းသားတွေကို ကျွန်တော်ကိုယ်တိုင် ဦးစီးပြီး အခမဲ့ သင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးဇော်ထွေးနိုင်(တာဝန်ခံဆရာ)က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ကျောင်းအပ်နှံလိုသော ကျောင်းသား မိဘ(သို့) အုပ်ထိန်းသူများအနေဖြင့် သံတွဲမြို့တွင် တည်ရှိသည့် ရှေ့ဆောင် ကိုယ်ပိုင်ဘာသာရပ် သင်တန်းကျောင်းတာဝန်ခံ ဦးဇော်ထွေးနိုင်ထံသို့ (ဖုန်း- ၀၉၉ ၆၈၂၂၈၁၉၁) သို့ ဆက်သွယ်ပြီး ကိုယ်တိုင် လာရောက် အပ်နှံနိုင်ကြောင်း သိရသည်။
“ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက် က နံပတ်တစ်က စစ်ပြေးရှောင် ကျောင်းသား ကျောင်းသူတွေကို တတ်နိုင်သလောက် ပညာရေးမြှင့်မားအောင် လုပ်ပေးဖို့ရယ်၊ နံပတ်နှစ်ကတော့ စစ်ဘေးရှောင် ကျောင်းသား ကျောင်းသူတွေ အပြင် နောက်ထပ် ရခိုင်တစ်ပြည်နယ်လုံးမှာ ငွေကြေးချို့တဲ့နေကြတဲ့ ကျောင်းသား ကျောင်းသူတွေ၊ မိဘတွေကဘက်ကအားနည်းတဲ့ ကျောင်းသား ကျောင်းသူတွေကို ပညာရေးရည်မြင့်မားအောင် ထောက်ပံ့မှုတွေ လုပ်ပေးမယ့် ရည်ရွယ်ချက်တွေ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ကျောင်းသား ကျောင်းသူများ၏ နေစရာ အဆောင်များကို နှစ်ထပ်ဆောင်(၂)ဆောင်တွင် စီစဉ်ပေးမည် ဖြစ်သလို အခမဲ့ ပညာ သင်ကြားပေးဖြစ်သည်။ သို့သော်လည်း စားစရိတ်ကိုမူ ကျောင်းသား ကျောင်းသူများမှ ကျခံရမည်ဖြစ်ပြီး ထမင်းဆိုင်နှင့် ချိတ်ဆက်ပေးမည် ဖြစ်ကြောင်း သိရသည်။
မိဘမရှိသူ၊ လုံး၀ ပညာသင်ကြားရေးအတွက် အခက်အခဲ ဖြစ်နေသူများကိုသာ အလှူရှင်များကို ရှာဖွေ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရှိ၇သည်။