စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်သို့ရောက်နေသည့် ALD နှင့် မိတ်ဖက်ပါတီ၊ လူမှုအဖွဲ့အစည်းများပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 3.2k

ပိုလာမောင်မောင်
နိရဥ္စရာ၊ ဇွန် ၂ဝ / ၂ဝ၁၉

ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ (ALD) နှင့် မိတ်ဖက်နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် စစ်တွေမြို့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်မှ တာဝန်ရှိသူများနှင့်  တွေ့ဆုံပြီး ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်ဟု သတင်းရရှိသည်။ 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဇွန်လ ၁၈ ရက်နေ့က တွေ့ဆုံခဲ့သည်ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က “  ရခိုင်ဝန်ကြီးချုပ်နဲ့တော့ မတွေ့ရဘူး။ အစိုးရ အဖွဲ့နဲ့ဘဲ တွေ့ရတယ်။ ကျနော်တို့ လာတဲ့ကိစ္စက ရခိုင်ပြည်မှာ ခုလို တိုက်ပွဲ တွေဖြစ်နေတာတွေကို ငြိမ်းချမ်းရေးနည်း အရ၊ တနည်းအားဖြင့် နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ ငြိမ်းချမ်းရေးစကားဝိုင်း လုပ်ဖိ်ု့ လိုအပ်တဲ့ အကြောင်း တွေကို ပြောပြပါတယ်။ ရန်ကုန်မှာ ငြိမ်းချမ်းရေး စကားဝိုင်း ပြုလုပ်ခဲ့တဲ့ အကြောင်းကို သူတို့ကို ပြောတယ်။ နောက်ပြီးတော့ စစ်ဘေးရှာင် စခန်းတွေကိုလည်း ကယ်ဆယ်ရေးပေးဖို့ကိစ္စတွေ ကယ်ဆယ်ရေးပေး နိုင်ဖို့ကိုလဲ အစိုးရအဖွဲ့တွေအပါအဝင် သက်ဆိုင်ရာက အကူညီပေးဖို့ကိစ္စတွေ၊ နောက်တစ်ခုက မြောက်ဦး ဒေသကို စစ်ငြိမ်းဇုန် ဖြစ်ဖို့ အရေးကြီးကြောင်း ဒါတွေကိုလည်း ဆွေးနွေးဖြစ်ပါတယ်။ ဘာလို့ဆိုတော့ မြောက်ဦးဆိုတာ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ဖြစ်နေလို့ ဖြစ်ပါတယ်” ဟု နိရဥ္စရာကိုပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မိတ်ဖက် နိုင်ငံရေး ပါတီ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများထဲတွင်  စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (UNDO)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ယက်၊ ၁၉၇၄-၁၉၇၅-၁၉၇၆ နိုင်ငံရေးအင်အားစု၊ လူ့ဘောင်သစ် ဒီမိုကရစ်တက်ပါတီ(DPNS)၊ လူ့ဘောင်သစ်လူငယ်(YNS)၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ယက်၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ပါဝင်သည်။

၎င်းအဖွဲ့သည် ဇွန်လ ၁၇ ရက် ညနေ ၃ နာရီခန့်ကလည်း  ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဥက္ကဋ္ဌဧည့်ခန်းမတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှအား လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာများ၊ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်များ၊ တွေ့ဆုံဆွေးနွေးမှုတွင် ဒေသခံများ၏အသံနှင့် အခန်းကဏ္ဍ၊ စစ်ဘေးရှောင်ပြည်သူများတိုးပွားလာနေမှု၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဆိုင်ရာ အခန်းကဏ္ဍများအား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ယင်းအပြင် လက်ရှိ လတ်တလောဖြစ်ပွားနေသော ရခိုင်ပြည်နယ်အရေးနှင့် တိုက်ပွဲများကြောင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် ရခိုင်ပြည်နယ်စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ ပြောင်းလဲ လာနိုင်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု လွှတ်တော်မှ လာသောသတင်းများတွင် ဖော်ပြသည်။

ALD နှင့်  မိတ်ဘက် (၈)ဖွဲ့တို့သည် လက်ရှိ ဇွန်လ(၁၉)ရက်နေ့တွင် ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်း၊ မြတ်လှဲစစ်ဘေးရှောင်စခန်း၊ ဝါးတောင်စစ်ဘေးရှောင်စခန်းများကို သွားရောက် ကွင်းဆင်း ခဲ့ကြသည်။

တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ရေးခက်ခဲမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ကျန်းမာရေးနှင့် မညီညွှတ်သော သောက်သုံးရေ သုံးစွဲနေရမှု၊ မိုးရွာသွန်းမှုများနှင့် အစိုးရအကူညီ လုံလောက်စွာ မရရှိ၍ အခက်အခဲ ဖြစ်နေကြကြောင်းကို လက်တွေ့ မြင်တွေ့ခဲ့ကြရကြောင်း ဦးမျိုးကျော်က နိရဥ္စရာသို့ ဆက်လက် ပြောသည်။
 
၎င်းအဖွဲ့၏ “ရခိုင့်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းကို စစ်တွေတွင် ပြုလုပ်ခွင့်မရခဲ့ဟု သိရသည်။

ဆက်စပ် သတင်းများ