သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဝေသာလီဆုတောင်းပြည့် ဘုရားကြီးတွင် အလုပ် လုပ်နေသည့် လက်သမား ၅ ဦးအား စစ်တပ်က ခေါ်ဆောင်သွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 5.6k

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၂ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီဆုတောင်းပြည့် ဘုရားကြီးတွင် အလုပ်လုပ်နေသည့် လက်သမား ၅ ဦးအား စစ်တပ်က ခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

ဘုရားကြီးတွင် အာရုံခံ သိမ်တော်ဆောက်လုပ်နေသည့် လက်သမား ၅ ဦး ယနေ့ နံနက် ၁၁ နာရီခန့်က ၄င်းတို့ ထမင်းစားရန် ဆိုင်ကယ်ဖြင့်  အိမ်သို့ ပြန်လာစဉ် စစ်တပ်မှ  လမ်းမှ တားပြီး ခေါ်ဆောင် သွားကြောင်း ဝေသာလီကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ စစ်တပ်က ရွာကို ဝင်လာတာ နံနက် ၁၁ နာရီခွဲမှာပါ။ လက်သမားတွေက နေ့လယ်စာစားဖို့ ဘုရားကြီးကနေ ဆိုင်ကယ်နဲ့ ဆင်းအလာမှာ စစ်ကြောင်းနဲ့ တွေ့ပြီး ခေါ်သွားတာပါ။ ညနေ ၃ နာရီကျော်လောက်မှာ စစ်ကြောင်းက ရွာထဲက ပေါက်တောပြင်ရွာဘက်ကို ထွက်သွားပါတယ်။ သိပ်မကြာခင်ဘဲ လက်နက်ကြီး ပစ်ခတ်သံ တစ်ချို့ကို ကြားခဲ့ရပါတယ်” ဟု သူမက ပြောကြားသည်။

ဝေသာလီကျေးရွာအား လက်ရှိ တာဝန်ယူထားသည့် ပေါက်တောပြင်ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ၎င်းက လက်သမားများ အပါအဝင် လူ ၅ ဦးကို ဖမ်းဆီးသွားသည်ဟု သတင်းရကြောင်း၊ ၎င်းမှာ လက်ရှိ ရွာတွင် ရှိမနေသဖြင့် အသေးစိတ် မသိရှိရသေးကြောင်း၊ မနက်ဖြန် ၈ နာရီလောက်မှ အသေးစိတ် ပြောနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

စစ်တပ်ကခေါ်ဆောင်ခံရသည့် လူ ၅ ဦးထဲမှ ၂ ဦးကို ပြန်လွတ်ပေးပြီး ကျန် ၃ ဦးကို ဆက်လက် ခေါ်ဆောင်သွားသည်ဟု သတင်းရကြောင်း၊ ထို သုံးဦးအထဲတွင် မြောက်ဦးမြို့နယ် ဘူးရွက်မညှိုးမှ အသက် ၅ဝ အရွယ် ဦးညံ့ချေ နှင့် မောင်ရီကန် ကျေးရွာမှ လက်သမားနှစ်ဦးတို့ဖြစ်ကြောင်း ဝေသာလီ ကျေးရွာသား တစ်ဦးက ပြောသည်။

“ဘူးရွက်မညှိုးရွာက ကောင်လေးနှစ်ယောက်ကို လမ်းမှာပြန်လွတ်ပေးခဲ့တယ်လို့ပြောပါတယ်။ ဆုတောင်းပြည့် ဘုရားကြီးမှာအလုပ်လုပ်ပြီး ထမင်းစားပြန်တဲ့ လက်သမားသုံးဦးကတော့ အခု အချိန်ထိ ပြန်ရောက်မလာသေးဘူး။ အားလုံးစိုးရိမ်နေကြပါတယ်” ဟု ၎င်းက ပြောသည်။

ဝေသာလီဆုတောင်းပြည့် ဘုရားကြီး ဂေါပက ဦးမောင်ဖြူအား ယခုညနေ ၅ နာရီခွဲခန့်က ဆက်သွယ် မေးမြန်းခဲ့ရာ သူက “ ကျနော် တခြားတစ်နေရာရောက်နေလို့ ဂေါပက  အဖွဲ့ဝင်တွေကို ဖုန်းဆက်မေးကြည့်တော့ စစ်တပ်က ခေါ်သွားတာဟုတ်တယ်လို့ ပြောပါတယ်။ ပေါက်တောပြင်ဘက်ကို ခေါ်သွားတယ်လို့ သိရပါတယ်။ အခု ပေါက်တောပြင်ဘက်က လက်နက်ကြီး ပေါက်သံတွေ ကြားနေရပါတယ်” ဟု ၄င်းကပြောသည်။

စစ်တပ်က ပေါက်တောပြင် ကျေးရွာသားမှ လမ်းခင်းကျောက်တူးသူ နေသူ တစ်ချို့အားလည်း ခေါ်ယူ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ၄င်းကျေးရွာဘက်မှ လက်နက်ကြီးအသံများထွက်ပေါ်နေကြောင်း၊ ဝေသာလီကျေးရွာသားများ၊ ပေါက်တောပြင်ကျေးရွာသားများနှင့် အနီးအနားမှ ကျေးရွာသားများ စိုးရိမ် ကြောက်လန့်ပြီး ထွက်ပြေးနေကြကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

ပေါက်တောပြင် ကျေးရွာသားအများအပြားမှာ  ယခုအခါ သင်းကျစ်တောင်ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလုံနေကြပြီး စစ်ကြောင်းမှာ ဘုရားတောင်အောက်တွင် ရှိနေပြီး လက်သမားများမှာလည်း သူတို့နှင့် အတူ ကြိုးနှင့်ချည်ပြီးပါလာသည်ဟု ဒေသခံများက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေး မြန်းခဲ့ရာ ၄င်းက “ ကျနော်ဘာမှမသိသေးဘူး။ ဘာမှ ကြားရသေးဘူး”ဟု ပြန်လေဖြေကြားသွားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ရာတွင်လည်း ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး သတင်းမရသေးကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ