သန်းသန်း
နိရဥ္စရာ၊ ဇွန် ၂၀ / ၂၀၁၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်းမှ လူသိများသည့် အင်းဒင်ကျေးရွာ၏ အထက(ခွဲ)ကျောင်းကို ဇွန်လ ၁၈ ရက်နေ့ အထက်တန်းကျောင်း အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
၄င်းအခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်း၊ မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်၊ မြို့နယ်ပညာရေးမှူး ဦးစောဟင်နရီ၊ ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူးတို့အပါအဝင် လူပေါင်း ၁၀၀ ဝန်းကျင်တက်ရောက်ခဲ့ကြသည်။
“အခုလို ကျွန်တော်တို့အင်းဒင်မှာ အထက်တန်းကျောင်းရတဲ့အတွက် ကျွန်တော်တို့ရွာတင်မက ရွာနီးပတ်ဝန်းကျင်နယ်ခံသားတွေအားလုံး ဝမ်းသာနေကြပါတယ်။ အဓိကတော့ ကျွန်တော်တို့ အနီးကပ် သင်နိုင်တဲ့အတွက် တခြားတစ်နေရာ ကိုသွားပြီးသင်ရတဲ့အခက်အခဲ လျော့သွားတာပေါ့။ အဲဒီအတွက် ကျွန်တော်တို့ အရမ်းဝမ်းမြောက်ရပါတယ် ”ဟု အင်းဒင်ကျေးရွာမှ ကျောင်းသားမိဘဖြစ်သူ ဦးမောင်ကျော်သိန်းက ပြောသည်။
အဆိုပါကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးခင်နု အပါအဝင် အထက်တန်းပြ ဆရာ၊ ဆရာမ ၅ ဦး ရှိပြီး မူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူဦးရေ (၁၅၈) ဦးရှိကြောင်း သိရသည်။
“မြို့နယ်ရုံးက ကျောင်းအသီးသီး ကျောင်းတိုးတင်ရမယ်ဆိုတော့ ကျွန်မက မြို့နယ်မှူးစကားအရ ရပ်ရွာမှာအစည်းအဝေးလုပ်ပြီး တင်ပေးလိုက်တယ်။ ဒါကြောင့်အခုလို ကျောင်းတိုးကျလာတာ ”ဟု ကျောင်းအုပ်ဆရာမကြီးဒေါ်အေးခင်နုက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ၇ခိုင်မှကျောင်းသားတစ်ဦးမှ မအောင်မြင်ခဲ့သည့် ကျောင်းပေါင်း ၂၂ ကျောင်းအတွင်း အင်းဒင် အထက (ခွဲ) ကျောင်းလည်း ပါဝင်ခဲ့သည်။
ဆရာမကြီး ဒေါ်အေးခင်နုက “မနှစ်က စာမေးပွဲဖြေဆိုသူ ၅ ဦးက ဝင်ရောက်ဖြေတယ်။ အဲဒီ ၅ ဦးမှာ ဒေသအခြေအနေအ၇ သင်ခန်းစာ ပြည့်ပြည့်၀ မသင်ကြားနိုင်တာရယ်။ သူတို့မှာအခြေခံ ပါမလာတာရယ်ကြောင့် အကုန်လုံး စာမေးပွဲကျပါတယ်။ ဒီနှစ်မှာတော့ အောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက်သွားပါမယ်”ဟုပြောသည်။
ယခုနှစ် အောင်ချက်ရာခိုင်နှုန်း တိုးလာရန်အတွက် ဆရာ၊ ဆရာမ၊ ကျောင်းသားမိဘများနှင့် ပူးပေါင်း လုပ်ဆောင် သွားမည်ဟုလည်း ကျောင်းအုပ်ဆရာမကြီးဒေါ်အေးခင်နုက ပြောသည်။