ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေက စာရေးဆရာသောင်းဝေဦးကို သတင်းမီဒီယာ ကောင်စီတွင် တိုင်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 4.9k

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၂၂/ ၂ဝ၁၉

"ရခိုင်ပြည်နယ်အတွင်းမှ AA တို့တိုက်ခဲ့သောတိုက်ပွဲများနှင့် AA သမိုင်းကြောင်းသိကောင်းစရာများ" စာအုပ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေ၏ ဓာတ်ပုံနှင့် အတူတကွ မဟုတ်မမှန် တင်ပြထားမှု ရှိသဖြင့် သတင်းမီဒီယာကောင်စီသို့ တိုင်ကြားလိုက်သည်ဟု ကာယကံရှင် ဒေါ်ထုမေက နိရဥ္စရာသတင်းဌာသို့ ပြောသည်။

စာရေးဆရာ သောင်းဝေဦး ရေးသားထုတ်ဝေခဲ့သည့် စာအုပ်တွင် AA တိုက်ခဲ့သော တိုက်ပွဲ မှတ်တမ်း ဓာတ်ပုံများ ကဏ္ဍ၌ ကာယကံရှင်အား ခွင့်ပြုချက်မရယူဘဲ စီးပွားဖြစ်ထုတ်ဝေဖြန့်ချီသည့် ပုံနှိပ် စာအုပ်အတွင်း  ၄င်း၏ဓာတ်ပုံများအား အသုံးပြုထားသည့်အတွက် ဆက်လက် ထုတ်ဝေခွင့် မပြုရန်နှင့်  အသုံးပြုထားခြင်းအား တောင်းပန်ပေးရန်  ဇွန်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီသို့ ရေးသားပေးပို့သည့် ဒေါ်ထုမေ၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက “ မကြာသေးခင်က စာရေးဆရာ သောင်းဝေဦး ရေးသားခဲ့တဲ့ စာအုပ်မှာလေ  အထူးသဖြင့် Press Media ပေါ့နော်။ ဒီစီးပွာဖြစ်ထုတ်ဝေတဲ့ စာအုပ်မှာ ကျမဓါတ်ပုံကို ခွင့်ပြုချက်မယူဘဲ သုံးတယ်။ ပထမတစ်ခါ သုံးတယ်။ ဒုတိယတခါမှာတော့ ကိုးကားမှုတွေ ပါတယ်။ အဲဒီကိုးကားမှုတွေကလည်း မဟုတ်မမှန်လုပ်ကြံပြီးတော့ မှားယွင်းစွာ ရည်ညွှန်းထားတယ်။ အဲဒါတွေကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှာ ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်လို့ ယူဆတယ်။ အဲဒါကြောင့် ကျမ အနေနဲ့ တိုင်စာပို့ထားတာပါ” ဟု သူမက ပြောသည်။

ပြန်ကြားရေးဝန်ကြီး ဌာန၊ နိုင်ငံတော် သမ္မတ၊ လွှတ်တော်မှ လူကြီးများအပါအဝင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကလည်း ထိုကိစ္စရပ်နှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးစေလိုကြောင်း၊ အရေးယူဆောင်ရွက်သည့် နေရာ၌လည်း အများသိအောင်ထုတ်ဝေ ထားသည့် စာအုပ်တစ်အုပ်ဖြစ်သည့် အတွက်ကြောင့် နိုင်ငံပိုင်မီဒီယာပေါ်တွင် ကျနော်မှားကြောင်း ၊ တောင်းပန်စေချင်ကြောင်း ဥပဒေပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

“ သူအနေနဲ့ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို မဟုတ်မမှန်ရေးသားခြင်းဟာ ကျမမဲဆန္ဒနယ်က ပြည်သူတွေကို မှားယွင်းတဲ့ သတင်းအချက်အလက် ပေးရာရောက်တယ်။ နောက်တစ်ခုက ဒီစာအုပ်က စီးပွားဖြစ်ထုတ်ဝေထားခြင်းဖြစ်တယ်။ ကျမဆီကခွင့်ပြုချက်လည်း မတောင်းခဲ့ပါ။ ဒါကြောင့် ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ စော်ကားမှုတွေဖြစ်တယ်။ ဒါကို စာရေးဆရာသောင်းဝေဦးကနေ တာဝန်ယူပြီးတော့ နိုင်ငံပိုင်မီဒီယာမှာ လူသိရှင်ကြား ကိုးကားရေးသားထားခြင်း မဟုတ်မှန်ကြောင်းရှင်းပြပေးရမယ်” ဟု သူမက ပြောသည်။


အဆိုပါ စာအုပ်၏ စာမျက်နှာ ၆၄ တွင်  ရက္ခိုင်တပ်တော် AA ဒုစစ်ဦးစီးချုပ် ညိုထွန်းအောင်၏ မိန်းမသည် ရခိုင်လွှတ်တော် အမတ်ဖြစ်နေခြင်းဟု ၄င်းဓာတ်ပုံအား အသုံးပြုကာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ရေးသားထားခဲ့သည်ဟု သူမက ပြောဆိုသည်။

အမှန်မှာ အဆိုပါဓာတ်ပုံမှာ နေပြည်တော်၌ ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁) ရာစုပင်လုံ ညစာစားပွဲသို့ တက်ရောက်စဉ် ၄င်းနှင့် ဒေါက်တာညိုထွန်းအောင်တို့ အမှတ်တရ ရိုက်ခဲ့သောဓာတ်ပုံသာ ဖြစ်ကြောင်း ဒေါ်ထုမေက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သဘောထားကို မေးမြန်းလိုသဖြင့် ၎င်းစာအုပ်အား ထုတ်ဝေသော မြရတနာ စာပေတစ်ဆင့် ဆရာ ဦးသောင်းဝေဦးသို့ ဖုန်းဖြင့် ဆက်သွယ်ရာ ဝန်ထမ်းတစ်ဦးက ညနေ ၅ နာရီကျော်မှ ဆက်ပါဟု ပြောသဖြင့် လောလောဆယ် ဆရာသောင်းဝေဦး၏ သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ