Preview

တိုက်ပွဲကြောင့် မင်းပြားနယ်သားများထွက်ပြေး

ဇွန် ၂၂/ ၂၀၁၉ | ကြည့်ရှုသူ :7975
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂၂∕ ၂၀၁၉

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံများသည် ရွာလုံးကျွတ်နီးပါးခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ရွှေကျင်ကျေးရွာနှင့် သာစည်ကျေးရွာမှဒေသခံများသည် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်မှစတင်ကာ ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ မင်းပြားမြို့နယ် မင်းဖူးကျေးရွာသို့ အများဆုံးထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

မင်းဖူးကျေးရွာမှ ဒေသခံ ဦးမောင်ကျိုင်နုက “တဖြည်းဖြည်းနဲ့ စစ်ရှောင်တွေ တိုးလာပါတယ်။ ဒါတောင် ဒီနေ့ စာရင်းက အတိကျ မကောက်ရသေးဘူး။ သူတို့စားဝတ်နေရေးကိုတော့ ကျွန်တော်တို့ ရွာကအစီစဉ်နဲ့ ထောက်ပံ့ ကျွေးမွေး နေပါတယ်။ အလှူရှင်အသင်းတွေလည်း လာဖို့တော့ ရှိပါတယ်။ အစိုးရဘက်ကိုတော့ အုပ်ချုပ်ရေးလည်း တာဝန်ပိုင်းဆိုင်ရာနဲ့ တင်ပြလို့ ရှိလိမ့်မယ်လို့  ထင်ပါတယ်။ ”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဇွန် ၁၈ ရက်နေ့မှ ဇွန် ၂၁ရက်နေ့ထိ  မင်းဖူးရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြသူ အရေအတွက်မှာ ကျား၂၂၂ ဦး၊ မ  ၂၈၆ ဦး စုစုပေါင်း ၅၀၈  ဦးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရွှေကျင်ကျေးရွာနှင့် သာစည်ကျေးရွာမှဒေသခံများသည် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာနှင့် မြောက်ဦး မြို့နယ် ကျောင်းတောင်ကျေးရွာများသို့လည်း ထွက်ပြေးတိမ်းရှောင်နေသူများရှိကြောင်း သိရသည်။

ရွှေကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက “ရွာက လူတွေက တစ်ချို့တော့ ကျန်ရှိ နေပါသေးတယ်။ ခုထိတော့ ကြောက်လန့်နေကြပြီး ထွက်ပြေးနေကြတုန်းပါ။ တစ်ချို့က မင်းပြားနယ် ပန်းမြောင်းဘက်ကို သွားကြတယ်။ တစ်ချို့က မြောက်ဦးနယ် ကျောင်းတောင်ဘက်ကို သွားကြတယ်။” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဇွန်လ ၁၈ ရက်နေ့ကတည်းက  ရွှေကျင်ကျေးရွာနှင့် သာစည်ကျေးရွာအနီး တောင်ပေါ်တွင် ပစ်ခတ်သံများ ကြားရသည့်အတွက် ဒေသခံအချို့ မင်းဖူးကျေးရွာသို့ ထွက်ပြေးခဲ့ရကြောင်းလည်း သိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.