Preview

ရခိုင်ရှိ မြို့နယ် ၈ ခုတွင် အင်တာနက်လိုင်းအမြန်ဆုံး ပြန်လည် သုံးစွဲခွင့်ပြုရန် ပြည်နယ်လွှတ်တော်တွင် အရေးကြီး အဆိုတင်

ဇွန် ၂၄/ ၂၀၁၉ | ကြည့်ရှုသူ :8580
ရခိုင် သတင်း

မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ ဇွန် ၂၄/ ၂၀၁၉

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ မြို့နယ်တွင် ဒေတာနှင့် အင်တာနက်လိုင်းအား အမြန်ဆုံးပြန်လည်သုံးစွဲခွင့်ပြုရန် ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် အရေးကြီးအဆိုတစ်ရပ်ကို တင်သွင်းတောင်းဆို လိုက်ကြောင်း သိ၇သည်။

ယင်းအဆိုကို မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဇွန်လ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

"ဒီကနေ့ ကျနော်တို့ ရခိုင်ပြည်နယ်စစ်ဖြစ်နေတဲ့ မြို့နယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်ခံရမှုတွေ ဆိုးဝါးလာမယ့်ဟာကို စိုးရိမ်တဲ့ အတွက်၊ နောက်တစ်ခုက အခု အဲလို ပိတ်လိုက်တဲ့အတွက် ကျနော်တို့ ပြည်သူတွေဟာ အခုဆိုရင် ဒုက္ခရောက်ကြတာက ကျနော်တို့ ငွေအနည်းအများလေးတွေကို Wave Money နဲ့လွှဲမယ့်ကိစ္စတွေ Wave Money နဲ့လည်း လွှဲဖို့ အဆင်မပြေဖြစ်သွားတဲ့အပိုင်းတွေ၊ ပြီးတော့ ဌာနဆိုင်ရာမှာ အုပ်ချုပ်ရေးအနေအထားမှာလည်း ယန္တရားတစ်ခု အတိုင်းအတာတစ်ခုထိ ရပ်သွားတဲ့အနေအထားတွေရှိပါတယ်။ နောက်တစ်ခုက ကျနော်တို့ပြည်နယ်ဟာ ဆင်းရဲမွဲတေတဲ့အတွက် နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေရတဲ့လူငယ်တွေဟာ ဒီဘက်ကို မိဘတွေနဲ့ ဆက်သွယ်ရတဲ့အခါမှာ ကျနော်တို့က ဖုန်းနဲ့ပြောတာထက်၊ အင်တာနက်လိုင်းက ပြောတာက ပိုပြီးတော့ သက်သာတဲ့အတွက် အားလုံး အင်တာနက်လိုင်းက နေပြီးတော့ အဆက်အသွယ် လုပ်နေကြတာတွေ ဒီနေ့ထက်ထိဖြစ်တဲ့ အတွက် အဲလိုအပိုင်းတွေလည်း ဆုံးရှုံးသွားတဲ့အတွက် ကျနော်တို့ အဲဒီအပိုင်းတွေကို ပြန်လည်ရရှိဖို့အတွက် ကျနော်တို့ ပြည်သူတွေ နစ်နာဆုံးရှုံးမှု တစ်စုံတရာရှိတာတွေကို အချိန်မီကုစားနိုင်အောင်အတွက် ကျနော်တို့ ဒီအဆိုကို တင်ရတာဖြစ်ပါတယ်"ဟု အဆိုရှင် ဦးလှသိန်းအောင်က ပြောသည်။

ယင်းအဆိုအား ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကလည်း ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

"ဒီကနေ့ ၇ခိုင်ပြည်နယ် (၈)မြို့နယ်မှာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတဲ့ကိစ္စဟာ ကျနော်တို့အတွက် အလွန်တရာမှ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ ပြည်သူတွေအတွက်ပေါ့လေ။ ဘာအတွက်လဲ ဆိုရင် ဒီသတင်းမီဒီယာ လွတ်လပ်ခွင့်ရှိဖို့ အတွက် ရခိုင်ပြည်နယ်လွှတ်တော်က တောင်းဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်က တောင်းဆိုခဲ့တာ အတည်ပြုပြီးသားလည်း ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ သတင်းလွတ်လပ်ခွင့်ကို ရရှိဖို့အတွက်တောင်းတဲ့နေရာမှာ အခုက အဲဒါကို အကောင်အထည်မဖော်ဘဲ ကျနော်တို့ အမှန်တကယ် စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို သတင်းအမှောင်ချဖို့ ကြိုးစားတယ်လို့မြင်တယ်။ ဒါကြောင့် ကျနော်တို့ ဒေသခံ ပြည်သူလူထုတွေဟာ အလွန်တရာ နစ်နာမှုရှိမယ်။ အကြမ်းဖက်မှုတွေ ရှိမယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိမယ်။ စစ်မြေပြင်ကာလမှာ၊ စစ်မက်ဖြစ်ပွားနေတဲ့ ကာလမှာ၊ အဲဒါတွေဖြစ်လာမှာကို စိုးရိမ်မိတဲ့အတွက် အဆိုရှင်တင်ခဲ့တဲ့ အဲဒီအဆိုကို ကျနော့်အနေနဲ့ ဆက်လက် ဆွေးနွေးသင့်ကြောင်း ဆိုပြီးတော့ ကျနော်ထောက်ခံဆွေးနွေးခဲ့ပါတယ်။"ဟု ဦးထွန်းအောင်သိန်းက ဆိုသည်။

ယင်းအဆိုအား ဇွန်လ ၂၆ ရက်နေ့ကျင်းပမည့် ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲများပြင်းထန်နေသည့် မောင်တော၊ ဘူးသီးတောင်၊ ၇သေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံ စသည့် မြို့နယ် (၈)မြို့နယ်အပြင် ချင်းပြည်နယ် ပလက်၀မြို့နယ်တွင်လည်း ဒေသတည်ငြိမ်အေးချမ်းစေရန်ဟုဆိုကာ ယင်းဒေသများတွင်အသုံးပြုနေကြသည့် MPT၊ Telenor ၊ Ooredoo နှင့် Mytel အစရှိသည့် ဆက်သွယ်ရေးကုမ္ပဏီများကို အင်တာနက်လိုင်းများဖြတ်တောက်ထားရန် ဇွန်လ ၂၁ ရက်နေ့ ညမှစတင်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားခြင်းဖြစ်သည်။

ဓာတ်ပုံ - အဆိုရှင် ဦးလှသိန်းအောင်အား တွေ့၇စဉ်

#လွှတ်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.