စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ဖမ်းဆီးခံရသူ ဝေသာလီမှ လက်သမား ၃ ဦးထဲက တစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 4.6k

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၂၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီ ဘုရားပြုပြင်နေရာမှ ဖမ်းဆီးခံထားရသူ လက်သမား ၃ ဦးထဲမှ တစ်ဦးသေဆုံးသွားပြီး ယခု ကျောက်တော်မြို့နယ်ဆေးရုံသို့ အလောင်း ရောက်ရှိသည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့မရဲစခန်းအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ မြို့မရဲစခန်းမှ ဂတ်စာရေးက လူသေအလောင်းတစ်လောင်း ကျောက်တော်မြို့နယ်ဆေးရုံသို့ ရောက်ရှိနေခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“ဟုတ်ပါတယ်။ အလောင်းတစ်လောင်းတော့ရောက်နေတယ်။ ပေါက်တောပြင်ကလို့ သိရပါတယ်” ဟု ၄င်းဂတ်စာရေးက ပြောကြားသည်။

၎င်းလူသေအလောင်းနှင့် ပတ်သက်ပြီး ကျောက်တော်မြို့မှ လူထုဇော်ဝင်းသို့ ဆက်သွယ် မေးမြန်းရာ  သေဆုံးသွားသူ၏ ရုပ်အလောင်းမှာ ကျောက်တော်ဆေးရုံသို့ ယနေ့ နေ့လယ်ပိုင်းက ရောက်ရှိနေသည်ဟု ပြောကြားသည်။

“ ဖမ်းဆီးစစ်ဆေးချိန်မှာ လက်လွန်ပြီး သေဆုံးသွားတယ်လို့ ထင်ရပါတယ်။ ဆရာဝန် ဆေးစစ်ပြီး  ကြည့်လိုက်တော့ ဦးခေါင်းမှာ ဒဏ်ရာတွေ တွေ့ပါတယ်။” ဟု သူကပြောသည်။

သေဆုံးသွားသူမှာ စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားသည့် ဝေသာလီ ဆုတောင်းပြည့် ဘုရားကြီးတွင် လက်သမားလုပ်နေသူ အသက် ၂ဝ အရွယ်  နေမျိုးထွန်းဖြစ်ကြောင်း ပေါက်တောပြင် ကျေးရွာသားများက ပြောသည်။

အဆိုပါ သတင်းအား လက်ခံရရှိပြီးနောက် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ စစ်ဆေးမေးမြန်းသူများ ထဲမှ တစ်ဦးသေဆုံးသွားခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“ ကျွန်တော်တို့ ဖုန်းသတင်းတော့ ရပါတယ်။ ဟိုဟာ သတင်းတွေ မရသေးဘူး။ ကျွန်တော်တို့ သိရသလောက် မနက်ပိုင်းလောက်က ဖြစ်တယ်လို့ သိရတယ်။ ကျန်းမာရေး ချို့ယွင်းလို့ ဆေးရုံကို ပို့တဲ့ အချိန်မှာဘဲ ဆေးရုံမှာ ဆုံးသွားတယ်လို့ ကျွန်တော်တို့ သိရတယ်။  ဒီလ ၂ဝ ရက်နေ့က ဖမ်းဆီးထားတာ တချို့ရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ သတင်း ထုတ်ပြန် ထားပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

နိရဥ္စရာ သတင်းဌာနမှ သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ပိုမို အပြည့်အစုံ သိရှိနိုင် ရန် ကျောက်တော်မြို့နယ်ဆေးရုံသို့ ဆက်သွယ်ခဲ့ရာတွင်လည်း ဆက်သွယ်၍ မရရှိသဖြင့် သေဆုံးသူ၏ အခြေအနေနနှင့် ပတ်သက်ပြီး ဆေးရုံဘက်က ပြောကြားချက်ကို တင်ပြနိုင်ခြင်းမရှိပါ။

ဝေသာလီ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းဝင်းသို့  နိရဥ္စရာသတင်းဌာမှ ဆက်သွယ်ရာ ဝေသာလီကျေးရွာမှ ဇွန်လ ၂ဝရက်နေ့ စစ်တပ်က ဖမ်းဆီး ခေါ်ဆောင် သွားသည့် လက်သမား ၃ဦးထဲမှ ၁ ဦး သေဆုံးသွားပြီဟု သတင်းရရှိကြောင်း ပြောကြားသည်။

ဦးမောင်ထွန်းဝင်းက“ ဝေသာလီဆုတောင်းပြည့် ဘုရားကြီးမှာ အလုပ်လုပ်နေတဲ့ လက်သမား သုံးယောက်ပါ။ အဲဒီနေ့က နေ့လယ်စာ ထမင်းစားပြန်တဲ့အချိန်လမ်းက စစ်တပ်ကနေ ဖမ်းခေါ်သွားတာ။ ကျနော် တို့သတင်းကြားတာက အဲဒီထဲက တစ်ယောက်သေတယ် လို့ကြားပါတယ်။ ကျနော်တို့လည်း အတိအကျ မသိရသေးဘူး”ဟု သူကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က မြောက်ဦးမြို့နယ် ဝေသာလီဘုရားကြီးတွင် လက်သမားအလုပ် လုပ်ကိုင်နေကြသူ များအား စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီး ပေါက်တောပြင် ကျေးရွာသား အချို့ကိုလည်း ဖမ်းဆီးသွားကြောင်း ကျေးရွာသားများကပြောသည်။

(ဓာတ်ပုံ- မောရမြီ ကျော်လှမြင့်)

ဆက်စပ် သတင်းများ