Preview

ပုဏ္ဏားကျွန်းမြို့နယ်ဆင်သည်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာလုံးကျွတ်နီးပါးထွက်ပြေး

ဇွန် ၂၆/ ၂၀၁၉ | ကြည့်ရှုသူ :9512
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန်၂၆∕၂၀၁၉

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သည်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆင်သည်ကျေးရွာအနီး တောင်ပေါ်တွင်  ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က  လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့မှုများ ဖြစ်ပွားခဲ့သောကြောင့် ရွာသူ၊  ရွာသားများမှာ စိုးရိမ်ကြောက်လန့်ကြပြီး အနီးနားရှိ ကျေးရွာများသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

“ဆင်သည်ရွာက ထက်ဝက်နီးပါးလောက်တော့ ရောက်နေပြီ။  အခုလည်း လာနေကြတုန်းပါပဲ။ ဆင်သည်နဲ့ ကျွန်တော်တို့ရွာက ရေကြောင်းပဲ သွားရလို့ရတယ်။ ကျွန်တော်တို့ရွာက လူမှုကယ်ဆယ်ရေးအသင်းက အကူညီနဲ့ လာကြတာတွေလည်း  ရှိတယ်။ တိုက်ပွဲက ဒီဆင်သည် ရွာနားမှာကတော့ အပြင်းအထန်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကြောက်လန့်ပြီး ထွက်ပြေးလာကြတာ”ဟု ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာမှာ မဟာမိတ်လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးကံသိန်းမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဆင်သည်ကျေးရွာမှ လူဦးရေ ၉၀၀ ခန့်သည် ပိုးရွှီပြင်ကျေးရွာသို့ ဇွန်လ ၂၅ ရက်နေ့ နေ့လယ် ၂  နာရီခန့်က ထွက်ပြေးခဲ့ရခြင်းဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်လာသူများ၏ စာရင်းအတိကျကောက်ကာ အစိုးရ တာဝန်ရှိသူများထံ တင်ပြသွားမည်ဟုလည်း ဆင်သည်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာမိက မိန့်ကြားသည်။

ဆရာတော်က “ဒီပိုးရွှီပြင်တစ်ရွာတည်းကို အများဆုံး သွားကြတာပါ။ ကျန်တဲ့ အနီးအနားကရွာတွေကိုတော့ နည်းနည်းလေးသွား ကြပါတယ်။ ရွာမှာကလည်း လူက မရှိသလောက်ဖြစ်နေပြီ။  ပစ်ခတ်သံတွေကြားတော့ လူတွေက ကြောက်လနြ့်ပီး  ဘေးကင်းရာကို ကြိုသွားကြတာပေါ့နော်”ဟု မိန့်သည်။

ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင်လာသူများအား မည်သို့ ဆောင်ရွက် ထားရှိသည်ကို သိလို၍ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်ဦးရေ ၅ သောင်းအထိ မြင့်တက် လာနေပြီဖြစ်ကြောင်း သိ၇သည်။

(ဓာတ်ပုံ- ဆင်သည်ကျေးရွာမှ လှေဖြင့် ထွက်ပြေးလာကြသူများ/ အရှင်သဘာ၀နဒီ)

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.