ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပိုးရွီပြင်ရွာသို့ စစ်ဘေးရှောင် ၂ဝဝဝ ကျော် ထွက်ပြေးရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 1.1k

နှင်းဝေဝေကျော်
နိရဥ္စရာ ၊ ဇွန် ၂၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာသို့ စစ်ဘေးရှောင် ၂ဝဝဝ ကျော် ခိုလှုံရန် ထွက်ပြေးရောက်ရှိလာသည်ဟု သတင်းရရှိသည်။

၎င်းတို့မှာ တိုက်ပွဲဖြစ်ပွား၍ ကြောက်လန့်ပြီး ထွက်ပြေးလာကြသည့် ဆင်သည်ကျေးရွာနှင့် သြရမ ကျေးရွာများက ဖြစ်ကြသည်ဟု ပိုးရွှီပြင် မဟာမိတ်လူမှုကူညီရေး အသင်း ပြန်ကြားရေး တာဝန်ခံ ကိုကျော်က ပြောသည်။

“ လက်ရှိ ဘုန်းတော်ကြီးကျောင်းမှာ စာရင်းသွင်းတာက ၁၇၅ဝ၊ အခု ဘုန်းကြီးကျောင်းမှာရှိနေတဲ့ စစ်ဘေးရှောင်အရေအတွက်ပါ။ ရွာထဲမှာ ဆွေမျိုးတွေဆီမှာ အဲသလို တည်းခိုနေထိုင်နေကြတာ ၄ဝဝ ကျော်လောက် ရှိပါတယ်။ မနေ့နဲ့ ဒီကနေ့ ရောက်လာကြတဲ့ သူတွေပါ” ဟု ကိုကျော်က ပြောသည်။ 

၎င်းတို့သည်  အနီးအနားရှိ ပိုးရွှီပြင်ကျေးရွာသို့ ဇွန်လ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာကြသူများ ဖြစ်ပြီး လက်ရှိ သူတို့၏ စားရေး သောက်ရေးကို ပိုးရွှီပြင် မဟာမိတ်လူမှုကူညီရေး အသင်းမှ ကူညီထောက်ပံ့ထားသည်ဟု သိရသည်။

သို့သော်ရေရှည်ဖြစ်လာပါက  စစ်ဘေးရှောင်များ၏ စားဝတ်နေရေး အခက်အခဲ ရှိလာနိုင်သည်ဟု ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်းမှ ကိုအောင်သန်းက ပြောသည်။

“လူပေါင်း၂ဝဝဝ ကျော်အတွက် တစ်နပ် စားစရိတ်က သိန်း၂ဝ ကျော်လောက် ကုန်တဲ့အတွက် ရေရှည်သာတိုက်ပွဲတွေ ဆက်ဖြစ် နေရင်  စားရေးသောက်ရေးအတွက် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ လက်ရှိ စားရေးသောက်ရေးကို ပိုးရွှီပြင်မဟာမိတ်လူမှုကူညီရေးအသင်းက တာဝန်ယူ ကျွေးမွေး ထားပါတယ်။ ရေရှည်မှာဆိုရင် အခက်အခဲ တွေ့လာနိုင်ပါတယ်”ဟု သူက ပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် ဒေသအခြေအနေ တည်ငြိမ်အေးချမ်းပါက မိမိနေရပ်သို့ ပြန်နိုင်ကြမည်ဖြစ်သော်လည်း  တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေပါက ရေရှည်ခိုလှုံကြရမည်ဖြစ်ကြောင်း သူက ပြောသည်။

ပိုးရွှီပြင် ကျေးရွာသို့ ရောက်ရှိလာသည့် ဆင်သည်ရွာမှ အမျိုးသမီးငယ် တစ်ဦးက “ ကျွန်မတို့မှာ မိသားစု ၃ ဦးပါ။ အဖေရယ်၊ အမေရယ်၊ ကျွန်မရယ်ပါ။ လောလောဆယ်တော့ ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေး အသင်းက ကျွေးမွေးထားတော့ အဆင်ပြေပါတယ်။ လိုအပ် နေတာကတော့ စောင်၊ ခြင်ထောင်နဲ့ ဖျာတွေ လိုအပ်နေပါတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များသို့ ကူညီလိုသူများသည် ကိုအောင်သန်း၏ ဖုန်းနံပါတ် ဝ၉၄၁ဝဝဝ၁၆၃ သို့၎င်း၊ ပြန်ကြားရေး တာဝန်ခံ ကိုကျော် (ဖုန်း- ဝ၉၄၄ ၂၈ဝဝ၇ဝ၈) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ