နိရဥ္စရာ၊ ဇွန် ၂၈ / ၂၀၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ရွာ အနီးတွင် ICRC မှ ကုန်ပစ္စည်းများကိုတင်ဆောင်လာသည့် ကုန်တင်ကား (၆) စီး ယာဉ်တန်း ဖြတ်သန်းသွားစဉ် မိုင်းပေါက်ကွဲမှု တစ်ခု ဖြစ်ပွားပြီး ရှေ့ဆုံးကားတွင် ပျက်စီးမှု တစ်ချို့ရှိခဲ့သည်ဟု သတင်းရရှိုသည်။
ထိုသို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းမှာ မှန်ကန်ပြီး မည်သူက ပြုလုပ်သည်ကို မသိရကြောင်း ICRC တာဝန်ရှိ သူတစ်ဦးက ပြောသည်။
“ ကားက ICRC က ကုန်ပစ္စည်းတွေကို တင်လာတဲ့ အငှားကား ကုန်တင်ယာဉ်တွေပါ။ ရန်ကုန်ကနေ မောင်တောကို ပို့တဲ့ကုန်တွေပါ။ အဲဒီကားလမ်းဘေးနေရာမှ မနေ့က ပေါက်ကွဲမှု တစ်ခုဖြစ်ရာကနေ အစတွေ စဉ်လာပြီး ရှေ့ဆုံးက ကားမှာထိပြီး မှန်တွေဘာတွေ ကွဲသွားတယ်လို့ သိရပါတယ်။ လူတွေအထိအခိုက်တော့ မရှိပါဘူး”ဟု ၎င်းက ပြောကြားသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်မေးမြန်းရာ ၎င်းလုပ်ရပ်မှာ AA မှ မိုင်းခွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
“ မနေ့ည ၈ နာရီခွဲမှာ ကျောက်ကျပ်ကျေးရွာအနားမှာ တိုက်ခိုက် ခံခဲ့ရပါတယ်။ အပျက်အစီးတစ်ချို့တော့ရှိတယ်။ ရှေဆုံးကကား လေဇာမှန်ကွဲတာရှိတယ်။ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာရှိတယ်။ အသေအပျောက်တော့မရှိဘူး။ အဓိကတော့ အဲဒီနေရာ မဟာမုနိ ဘုရားလမ်းဆုံ ကျောက်ကျပ်အနီးမှာ ဒီလ ၂၅ ရက်နေ့က တိုက်ခိုက်မှု ဖြစ်တာလည်းရှိတယ်။ ဇွန် ၂၂ ရက်နေ့ကလည်း မိုင်းသုံးလုံး ဖော်ထုတ်ဖမ်းဆီးရမိတာတွေရှိတယ်။ အခုကွဲတဲ့ဗုံး၊ ထောင်တဲ့ပုံစံကို ကြည့်ရင် အေအေက လုပ်တဲ့ပုံစံမျိုးဖြစ်တယ်။ ကားတွေကလည်း အရပ်သားကားတွေဆိုတာကို သိသာတယ်။ ရီမုတ်မိုင်းအမျိုးအစား ဖြစ်တယ်” ဟု ပြောကြားသည်။
ရက္ခိုင်တပ်တော် (AA) သို့ဆက်သွယ်ရာ စကားပြောခွင့်ရသူ ခိုင်သုခက သူတို့အနေဖြင့် ယခုလိုမျိုး တိုက်ခိုက်မှု ဖြစ်စဉ် မရှိကြောင်း ပြောကြားသည်။
“ အဲသလိုမျိုး မနေ့ညက တိုက်ခိုက်တဲ့ ဖြစ်စဉ် မရှိဘူး။ မနေ့ညက တကယ်လို့ ဖြစ်တယ်ဆိုရင်တောင် ဗမာစစ်တပ်က လုပ်တာဘဲ ဖြစ်နိုင်တယ်။ မနေ့ညက အဲဒီနေရာမှာ စစ်တပ်က စစ်ကြောင်း ၂ ကြောင်း ရှိနေတယ်။ ဝေသာလီက မဟာမုနိဘုရားထိ လမ်းကြောင်း တစ်လျှောက်သူတို့က ရှိနေတယ်။ ဒါကြောင့် သူတို့လုပ်တာဘဲ ဖြစ်ပါလိမ့်မယ်။ အဲဒီနေရာတွေမှာ သူတို့က အရပ်သားတွေကို ပစ်တာတွေလည်းရှိတယ်။ ညဆိုပိုဆိုးတာပေါ့။ သူတို့ ဗမာစစ်တပ်ကဘဲ လုပ်တာ ဖြစ်ပါလိမ့်မယ်” ဟု ပြောကြားသည်။
မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ၎င်းကုန်တင်ကား (၆) စီးမှာ ၎င်းနေရာတွင် ရပ်တန့်နေသည်ဟု သိရသည်။
ICRC မှ ၇ခိုင်တွင် ကူညီထောက်ပံ့ပေးနေသည့်ပုံတစ်ပုံ (ဓာတ်ပုံ- ICRC)