သန်းသန်း
နိရဥ္စရာ၊ ဇူလိုင် ၁ / ၂၀၁၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ခွေးလေခွေးလွင့်များအား အစာအဆိပ်ချ သုတ်သင်နေပြီ ဖြစ်သဖြင့် အိမ်မွေး ခွေးများကို မိမိတို့၏ အိမ်ခြံဝင်း အတွင်း ထိန်းသိမ်းထားကြရန် မြို့နယ် စည်ပင် သာယာရေး အဖွဲ့က သတိပေးကြေညာထားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
“ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကနေ ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းမှာ စစ်တွေမြို့တွင်းမှာရှိတဲ့ ခွေးလေခွေးလွင့်တွေကို အဆိပ်ချ သုတ်သင်နေပြီ ဖြစ်တဲ့အတွက် အိမ်မွေးခွေးတွေကို မိမိတို့ရဲ့ နေအိမ် အတွင်း ထိမ်းသိမ်း ထားကြဖို့ လှည့်လည် ကြေညာထားပြီး ဖြစ်ပါတယ်” ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်မိုးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ကြေညာချက်ထုတ်ပြန်သည့် ဇွန် ၃၀ ရက်နေ့ ညအချိန်မှစတင်ကာ စစ်တွေမြို့ရှိ ရပ်ကွက်အချို့တွင် သုတ်သင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“ခွေးရောဂါကာကွယ်ရေး၊ ခွေးလေခွေးလွင့်တွေကြောင့် ပြည်သူတွေ ဒုက္ခမရောက်စေဖို့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ရတာပါ။ ကျွန်တော်တို့က တောင်းဆိုပြီးတင်ပြတဲ့ရပ်ကွက်တွေ၊ လိုအပ်တဲ့ နေရာတွေမှာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်း လုပ်နေပါတယ်”ဟု ဦးကျော်မိုးက ပြောသည်။
စစ်တွေမြို့တွင် ခွေးလေခွေးလွင့်ကောင်ရေ မည်မျှရှိသည်ဆိုသည်ကို မသိရသော်လည်း ခွေးလေခွေးလွင့် သုတ်သင်မှုကို နောက်တစ်ပတ်ခန့် အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။
စစ်တွေမြို့ခံ ကိုအောင်သိုက်စိုးက “တဘက်ကတော့ ကောင်းပါတယ်။ မြို့သန့်ရှင်းသွားတာပေါ့။ ဒါပေမယ့် တစ်ခုရှိတာက ခွေးလေ ခွေးလွင့် ဆိုပြီးတော့ အဆိပ်နဲ့အစာချခဲ့ပြီး သေတဲ့ခွေးတွေကို ပြန်မကောက်တာတွေ မဖြစ်ဖို့ အဓိက အရေးကြီးတယ်။ မဟုတ်ရင် မြို့ ပိုပြီးညစ်ပတ်သွားနိုင်ပါတယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
စစ်တွေမြို့တွင် ခွေးလေခွေးလွင့် အများအပြားရှိပြီး ၎င်းခွေးများမှာ ရပ်ကွက်အတွင်းရှိ လမ်းများတွင် နေထိုင်ကြသည်ဟု သိ၇သည်။