Preview

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ကအမျက်တောင်ရွာထဲဝင်လာပြီး အိမ်တစ်ချို့ကိုမီးရှို့ဟု ကျေးရွာသားများပြောဆို

ဇူလိုင် ၀၅/ ၂၀၁၉ | ကြည့်ရှုသူ :7024
ရခိုင် သတင်း

ခိုင်လူလှ
စစ်တွေ၊ ဇူလိူင်၅/ ၂၀၁၉

တိုက်ပွဲ ဖြစ်ပွားပြီးနောက် တပ်မတော် စစ်ကြောင်း တစ်ခုသည် ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာအတွင်းသို့ သေနတ်များ ပစ်ခတ်ကာ ဝင်ရောက်လာပြီး နေအိမ်တစ်ချို့ ကို မီးရှို့ခဲ့သည် ဟု ကျေးရွာသားများက ပြောကြားသည်။

“ ဈီးခေါင်း ရွာဘက်က စစ်တပ် လာပါတယ်။ ရွာနဲ့ ၆ ဖာလုံအကွာ အဲဒီနားမှာ တောင်တန်းရှိပါတယ်။ အဲဒီတောင်တန်းမှာ တိုက်ပွဲ ဖြစ်ပွားတယ်။ အချိန်အားဖြင့် ၂ နာရီဝန်းကျင်လောက်မှာပါ။ နာရီဝက်လောက် အဲဒီမှာ တိုက်ပွဲ ဖြစ်ပါတယ်။ နာရီဝက်လောက် ဖြစ်ပြီးတော့ အဲဒီတောင်က လာပြီး ကျွန်တော်တို့ ရွာကိုလာပြီး တောက်လျောက် လက်နက်ကြီးလည်း ပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်ပါတယ်။  ရွာကို စဝင်ဝင်ချင်း ရွာကို မီးရှို့ပါတယ်။ ရွာအနောက်ဘက်ကလည်း မီးရှို့တယ်။ အရှေ့ဘက်ကလည်း မီးရှို့ပါတယ်။ ကျွန်တော်တို့ အခု ဘယ်နှလုံး မီးကျွမ်းသွားတယ်ဆိုတာ အနီးကပ်သွားမကြည့်ရဲသေးဘူး။ ရွာကို ဝင်လည်း မဝင်ရဲဘဲ ဖြစ်နေပါတယ်” ဟု အမျှက်တောင်ရွာသား တစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေသို့ ဆက်သွယ်ရာ သူမက “ အမျှက်တောင် ကျေးရွာက ရွာသားတွေက တိုက်ပွဲဖြစ်တာ၊ မီးရှို့တာတွေနဲ့ ပတ်သက်ပြီး အကြောင်းကြားထားပါတယ်။ အမျှက်တောင်က ၇သေ့တောင်မြို့နယ် ငစံဘော် အုပ်စုထဲမှာ ပါပါတယ်။  ဆိုတော့ ဒီနေ့ နေ့လယ် ၂ နာရီက ဒီအမျှက်တောင် ကျေးရွာနဲ့ ၆ ဖာလုံဝေးတဲ့ နေရာမှာ တိုက်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။ နာရီဝက်လောက် ဖြစ်တယ်လို့ ပြောပါတယ်။ နောက်ပီးတော့ ဒီဖက်မှာ ဝံလက်အောင်ဆိုတဲ့တောင်၊ ခရင်းတောင် တောင်ကြားကနေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ပီးတာ့ စစ်တပ်က ရွာထဲကို ဝင်လာတယ်လို့ ပြောပါတယ်။ နောက်ပီးတော့ ဘုန်းကြီးကျောင်း အရှေ့ဘက်မှာရှိတဲ့ အိမ်တွေကိုလည်း မီးရှို့တယ်။ နောက်တစ်ခါ အနောက်ဘက်မှာရှိတဲ့ အိမ်တွေကိုလည်း မီးရှို့တယ်။ အခု အချိန်မှာတော့ အိမ်ခြေ ၁၀ လုံးလောက်ကိုတော့ မီးရှို့ခံထားရပြီလို့ ရွာသား တစ်ယောက်ကနေ ဖုန်းဆက်ပြီး အကြောင်းကြားပါတယ်ရှင့်” ဟု ပြောကြားသည်။

စစ်တပ်က နေအိမ်များကို မီးရှို့တာကို အတည်ပြုနိုင်ပါသလားဟု နိရဥ္စရာက ဆက်လက်မေးမြန်းရာ သူမက “ သူတို့ကတော့ အမှန်ကတယ်ဖြစ်တယ်ဆိုတဲ့အကြောင်း ကျွန်မတို့ကို ပြောပါတယ်။ ရွာထဲမှာလည်း ရွာထဲကနေ သေနတ်တွေပစ်တယ်။ လက်နက်ကြီးတွေ ပစ်တယ်ဆိုတာကိုလည်း မြင်တွေ့ရတယ်။ ကြားရတယ်လို့လည်း ပြောပါတယ်။  ဒါပေမယ့်တပ်မတော်စစ်ကြောင်း လာတယ်ဆိုတာနဲ့ဘဲ ကျေးရွာမှာရှိတဲ့ ရွာသူ ရွာသားတွေကတော့ သူတို့ ရောက်မလာခင်ကို တစ်ခြားနေရာကို ထွက်ပြေးတိမ်းရှောင်နေတာတွေရှိတယ်လို့လည်း သိရပါတယ်။ ဆိုတော့ အဲဒီရွာမှာတော့ ရွာသူ ရွာသား လေးယောက်၊ ငါးယောက်စလောက်ဘဲ လက်ရှိ ရှိနေတယ်လို့ ပြောပါတယ်။ ဒီလို မီးရှို့နေတာကိုလည်း ဒီရွာနဲ့ မလှမ်းမကမ်းရှိတဲ့ ရွာတွေကနေ လှမ်းမြင်နေရတယ်လို့ အကြောင်းကိုလည်း ပြောပြကြပါတယ်။ နောက်တစ်ခါ အဲဒီမှာ လက်နက်ကြီး ပစ်နေတာတွေကိုလည်း သူတို့က တိတိကျကျနဲ့ ပြောပြသွားပါတယ်ရှင့်” ဟု ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ ကျွန်တော်ပြောမယ်။ ငစံဘော်နားက အမျှက်တောင်ကျေးရွာဆိုတဲ့ ဥစ္စာက ရေစိုးချောင်းရဲ့ အနောက်ဘက်မှာရှိတယ်။ အဲဒီနားမှာ ကျွန်တော်တို့ တပ်တွေမရှိဘူး။ အဲဒါကြောင့်မို့လို့ မီးရှို့တယ်၊ ဘာညာကတော့ ကျွန်တော်ထင်တယ်လေ။ အေအေက သူဟာကိုယ်သူ ဒါ.. ဒါ.. ကျွန်တော်က ဘယ်သူ့ကိုမှ စွပ်စွဲတာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒီနားမှာတော့ ကျွန်တော်တို့ တပ်တွေမရှိဘူး” ဟု ပြောကြားသည်။

ကျေးရွာသားများက ၎င်းကျေးရွာမှ ၆ ဖာလုံအကွာတွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ရွာထဲဝင်လာပြီး မီးရှို့သည်ဟု ပြောဆိုကြသဖြင့် ဆက်လက် မေးမြန်းရာ ဗိုလ်မှူးကြီးဝင်းဇော်ဦးက “ တစ်ခုတော့ တိုက်ပွဲ ဖြစ်တာတော့ရှိတယ်။ တိုက်ပွဲဖြစ်တာက အဲဒီမှာ မဟုတ်ဘူး။ အပေါ်ဟိုဘက်မှာဖြစ်တာ။ တိုက်ပွဲ ဖြစ်တာ။ တိုက်ပွဲဖြစ်တာက ယောချောင်းဘက် ဖြစ်တာ။ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တိုက်ပွဲ ဖြစ်လို့။ နှစ်ဖက်ပစ်လို့ပေါ့နော်။ ဟိုဘက် ဒီဘက်ပစ်လို့ အဲဒီရွာမှာ ဗုံးကျလို့ မီးလောင်ရင်တော့ ကျွန်တော်လည်း မပြောတတ်ဘူး။ တိုက်ပွဲဖြစ်လို့ သူပစ်ကိုယ်ပစ် ပစ်လိုက်လို့ ဖြစ်နိုင်တယ်။ သောင်းကျန်းသူတွေ ပစ်လိုက်လို့ ဗုံးသီး ရွာထဲမှာ ကျနိုင်သလို ကျွန်တော်တို့ တပ်က ပစ်လိုက်လို့လည်း ရွာထဲမှာကျနိုင်တယ်။ ရွာတွေသည် အိမ်တွေကို ဓနိမိုးတွေ ဘာတွေနဲ့ မိုးထားတဲ့ အိမ်တွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဗုံးသီးကျလို့ လောင်တာက ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါကိုတော့ ကျွန်တော်လည်း အတိအကျ ပြောလို့တော့ ဒီသတင်းကိုတော့ မရသေးဘူးဗျာ။ သီးခြား ဟုတ်လား။ မီးရှို့တာဆိုတာက လုံး၀ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားသည်။

လက်ရှိတွင် စစ်ကြောင်းမှာ ရွာက ထွက်သွားပြီ ဖြစ်ပြီး မီးလောင်နေသော အိမ်များမှ မီးခိုးများထွက်နေဆဲ ဖြစ်သည်ဟု ယနေ့ည ၄ နာရီ ၁၀ မိနစ်က ဆက်သွယ်စဉ် ရွာသား တစ်ဦးက ပြောကြားသည်။

အမျှက်တောင်ကျေးရွာသည် အိမ်ခြေ ၂၀၆ ဆောင်၊ လူဦးရေ ၉၀၀ ကျော်ရှိကြောင်း သိ၇သည်။

#စစ်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.