Preview

ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာ မီးရှို့ခံရဟုဆို

ဇူလိုင် ၀၅/ ၂၀၁၉ | ကြည့်ရှုသူ :3742
ရခိုင် သတင်း

ခိုင်လူလှ
နိရဥ္စရာ၊ ဇူလိူင်၅/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်အုပ်စု၊ အလယ်ချောင်း ခမီရွာကို စစ်တပ်က မီးရှို့ကြောင်း ကျေးရွာသားများ၏ ပြောကြားချက်အရ သိရသည်။

အလယ်ချောင်းခမီရွာမှ ဆယ်အိမ်မှူး ဦးခတ်ချူးက “ ကျွန်တော်တိုရွာ အလယ်ချောင်းရွာကို မြန်မာတပ်မတော်က မီးရှို့တယ်။  အိမ် ၄၄ ဆောင်မီးလောင်သွားပါတယ်။ တစ်ရွာလုံး  အကုန်လုံး မီးရှို့ပါတယ်။ ၅၅၁ ဘက်က ကူးလာပါတယ်။ ဘာကြောင့် မီးရှို့တယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ရေချမ်းပြင်ကနေ နံနက် ရ နာရီလောက်မှာ ချောင်းကို လှေနဲ့ကူးပါတယ်။ ၉ နာရီလောက်မှာရောက်ပါတယ်။ ၁၀ နာရီ မိနစ် ၅၀ မှာ မီးရှို့ပါတယ်။ ကျွန်တော်ရွာသားတွေက ဘူးသီးတောင်မြို့နယ် ဒုံသိမ်ကို ရောက်နေတာ ၄ လရှိပြီ။ မီးရှို့တဲ့ အချိန်မှာ  ကျွန်တော် ရေချမ်းပြင်မူဆလင်ရွာမှာ ရှိပါတယ်။ ကျွန်တော်မြင်ပါတယ်။ ဘင်္ဂလီ ၂ ဦးပါတယ်။  မီးရှို့တာက စစ်သားက မီးရှို့တာပါဖြစ်ပါတယ်။ တပ်မတော်သား ၅၀ လောက်ပါမယ်ထင်ပါတယ်။ ၂၅ ယောက်လောက်က ရွာထဲကို ဝင်ပြီး မီးရှို့တာဖြစ်ပါတယ်” ဟုပြောသည်။

အလယ်ချောင်းကျေးရွာတွင် အိမ်ခြေ ၄၀ ကျော်၊ လူဦးရေ ၂၀၀ ကျော်ရှိပြီး အနီးအနားတွင် မကြာခဏ တိုက်ပွဲများ ဖြစ်နေသောကြောင့် လွန်ခဲ့သည့် လေးလခန့်မှ စပြီး ဒုံသိမ်တွင် စစ်ဘေးရှောင်အဖြစ်ဖြင့် နေထိုင် နေကြသည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးအောင်သောင်းရွှေက “ ကျွန်တော်တို့ သတင်းရတယ်။ မီးရှို့တာ မှန်တယ်။ အတည်ပြုလို့ ရပါတယ်။ ရွာနားက လူတွေ အကုန်လုံး ကျွန်တော်ကို ပြောပါတယ်။ မီးတိုက်ခံရတာက အလယ်ချောင်း ခမီတိုင်းရင်းသားရွာပါ။ စစ်တပ်က တိုက်တယ်လို့ ပြောပါတယ်။ ဒီနေ့တိုက်ပွဲ ဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးနောက် မီးတိုက်တာပါ။ တိုက်ပွဲက ၉ နာရီကျော်လောက်က ဖြစ်ပါတယ်။ သရက်ပြင်နောက်ကြော မျှောချောင်း နားမှာဖြစ်တာပါ။ အဲဒီနောက် ရွာကို မီးရှို့တာပါ” ဟု ပြောကြားသည်။

အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ သူက “ ကျနော်က အဲသတင်းကြားကို မကြားရသေးဘူး ခင်ဗျာ။ ရွာကို ဘာညာဆိုတဲ့ ဥစ္စာ ဘယ်သူကပြောတာလဲ။ မီးရှို့တယ်ဆိုတာ AA ရှို့တာကော မဖြစ်နိုင်ဘူးလား။ အခုဟာက မေးလိုက်လို့ရှိရင် ကျနော်တို့ တပ်ကပဲ ဟိုဟာလုပ်တယ် ။ ဒီဟာလုပ်တယ် တပ်က ဒေသဖွံ့ဖြိုးရေး နဲ့ ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေတာ။ လုပ်မှာမဟုတ် ပါဘူး။ AA အတင်းအဓမ္မလူခေါ်တာတို့၊ လူတွေသတ်သွားတာတို့၊ ဟိုပစ္စည်းတောင်း၊ ဒီပစ္စည်းတောင်းတာတို့ကျတော့ ဘာမှမပြောကြဘူးဗျ။ တော်တော်တော့ တွေးရခက်တယ်ဗျ” ဟု ပြန်လည် ဖြေကြားသွားသည်။

ရွာသားများအနေဖြင့် ဒေသငြိမ်းချမ်းပါက ရွာကို ပြန်ကြရန် စီစဉ်ထားစဉ် ယခုလို မီးရှို့ခံ၇၍ အထူးစိတ်မကောင်းဖြစ်နေကြသည်ဟု ဦးခတ်ချူးက ပြောဆိုသည်။

(ဓာတ်ပုံ-  အလယ်ချောင်းရွာသည် ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတင် ရေတံခွန် အနီးတွင် တည်ရှိသည်။)

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.