Preview

ကျောက်တော်မြို့မှ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဝင်ရောက် ရှာဖွေခံရ

ဇူလိုင် ၀၆/ ၂၀၁၉ | ကြည့်ရှုသူ :3427
ရခိုင် သတင်း

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇူလိုင် ၆/၂၀၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်ရှိ မြို့သစ်မှန်ကျောင်းအား ယမန်နေ့ ညနေ ရ နာရီခန့်က စစ်တပ်၊ရဲနှင့် သာသနာရေးဦးစီးတို့က လာရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကျောင်းတွင် အဆောင် ၆ ဆောင်ရှိပြီး ကျောင်းငယ် သုံးဆောင်၊ ဓမ္မာရုံတစ်ဆောင်၊ သိမ်တစ်ဆောင်၊ ကျောင်းမကြီး တစ်ဆောင်၊ ထိုအဆောင်၆ဆောင်လုံးအား ဝင်ရောက်ရှာဖွေ ခဲ့ကြောင်း၊ ကျောင်းမကြီး ဘုံပိတ်မျက်နှာကျက် ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ လက်ရှိ ယာယီကျောင်းထိုင်နေသည့် ဆရာတော် ဦးပညာဝံသက နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

“သူတို့က အထက်က အမိန့်နဲ့လာရှာတယ်လို့ ပြောပါတယ်။ ဒီကျောင်း ပတ်ဝန်းကျင်မှာ ထူးခြားမှုရှိတယ်ဆိုပြီတော့ စစ်ဆေးဖို့ အတွက် ဦးဇင်းကိုလာလျှောက်တယ်။ အထက်က အမိန့်နဲ့ဆိုတော့လည်း ဦးဇင်းတို့က ရှာကြပေါ့လို့ ခွင့်ပြုလိုက်တယ်။ ကျောင်းပတ်ဝန်းကျင်နဲ့ ကျောင်းတွင်း ကျောင်းပြင်၊ ဝါဆိုတိုက်ကအစ သူတို့ ဝင်ရှာပါတယ်” ဟု ဆရာတော်ပညာဝံသမှ မိန့်ကြားသည်။

ရှာဖွေမှုမှာ ညနေပိုင်း ရ နာရီခန့်ကနေ ည ၉ နာရီအထိ ၂နာရီခန့် ကြာမြှင့်ကြောင်း၊ လူအင်အား ၅၀ ခန့်နှင့်  ရှာဖွေခဲ့ကြောင်း၊ ထိုသို့ သာသနာ့နယ်မြေတစ်ခုကို စီးနင်းပြီး ရှာဖွေခြင်းသည် သာသနာ့ နယ်မြေထဲ၌ ရှိသည့်ပုဂ္ဂိုလ်ကို များကိုလည်း  နိုင်ငံရေး၊ စစ်ရေးနှင့် ပတ်သက်လာလျှင် မယုံသင်္ကာသဘောနှင့် ဝင်ရောက်ရှာဖွေခြင်းဟု မြင်ကြောင်း ကျောက်တော်မြို့နယ် စေတနာ နာရေး ဥက္ကဋ္ဌ ဦးမောင်ကျော်လှက ပြောသည်။

“ ရှာဖွေပေမယ့် တစ်စုံတစ်ရာ ရရှိတာတော့ မရှိပါဘူး” ဟု ၎င်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောက်တော်မြို့မရဲ စခန်းသို့ ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရှိခဲ့ပါ။

ဆက်လက်ပြီး နောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး အား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ် မေးမြန်းခဲ့ရာ သူက “ကျနော်ကတော့ မကြားမိဘူးဗျ၊ ဘယ်ဘုန်းကြီးကျောင်းကို သွားစစ်တာလဲ။ သာသနာရေးဦးစီး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့က လိုအပ်လို့ လိုအပ်ချက်ရှိလို့ ရှာတာနေမှာပေါ့။ သာသနာရေး ဦးစီးရယ်၊ ဒေသအာဏာပိုင်တွေက လိုအပ်ချက်အရ စစ်ဆေးမေးမြန်းမှု လိုအပ်တယ်ထင်လို့ သူတို့စစ်တာနေမှာပေါ့။ ကျနော်တို့ကလည်း အဲဒါကို စစ်ပါဆိုပြီး ပြောထားတာလည်းမရှိဘူး။ ဒါပေမဲ့ ကျနော်ပြောခဲ့တဲ့ အတိုင်းပဲ အဲဒီအဖွဲ့အစည်းက လိုအပ်ချက်ရှိလို့ လိုအပ်ချက်အရ  သူတို့ကို စစ်ခိုင်းလို့ ဖြစ်မှာပေါ့။ ကျနော်တို့က အစိုးရ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခုဗျ။ လိုအပ်ချက်ရှိရင်တော့ စစ်မှာပေါ့။ ဘုန်းကြီးကျောင်းမဟုတ်ဘူး ခင်ဗျာ။ ဟို အဲဒီကျန်တဲ့နေရာလည်း ဟုတ်လား၊ စာသင်ကျောင်းလည်း ဝင်စစ်ဖို့ လိုရင်စစ်မှာဘဲ။ လိုအပ်ချက် အရ စစ်ရမယ့် အခြေအနေမျိုးရှိတယ်ဆိုရင် စစ်ရမှာပေါ့။ တရားဝင် ဖွဲ့ထားတဲ့ အဖွဲ့အစည်းလေဗျာ။ ဝင်ပြီးတော့ ဓားပြတိုက်တာမှ မဟုတ်တာဗျ” ဟု ပြန်လည် ဖြေကြားသွားသည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.