Preview

ဘူးသီးတောင်မြို့နယ်ကံပြင်ရွာသားများကို စစ်တပ်က ဘုန်းကြီးကျောင်းတွင်စုထားပြီး ပြင်ပသွားလာခွင့်ပိတ်ထားဟု ရွာသားများပြောကြား

ဇူလိုင် ၁၀/ ၂၀၁၉ | ကြည့်ရှုသူ :9223
ရခိုင် သတင်း

နိရဥ္စရာ၊ ဇူလိူင် ၁၀/၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကံပြင်ကျေးရွာရှိ ရွာသားများအား စစ်တပ်က ဘုန်းတော်ကြီးကျောင်းတွင် စုထားပြီး ပြင်ပသွားလာခွင့် ပိတ်ပင်ထားသည်မှာ ရ ရက်ခန့်ရှိနေပြီ ဖြစ်သဖြင့် ကျေးရွာသူ ကျေးရွာသားများအကြား စိုးရိမ်မှုများ အထူးတိုးပွားနေကြသည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက “ အဲဒီကံပြင်ရွာကို ၇လပိုင်း ၂ ရက်နေ့ မနက်ပိုင်းက တပ်မတော် စစ်ကြောင်းတစ်ခုရောက်လာတယ်လို့ သိရတယ်။ ရွာသားတွေကို ဘုန်းတော်ကြီးကျောင်းမှာ စုခိုင်းထားတယ်။  ရွာသားတွေကို ၈ တစ်စု ရွာကိုဆင်းပြီး အချိန်ပိုင်းနဲ့ ထမင်းစားခိုင်းတယ်။ ကျန်တဲ့အချိန်တွေမှာ ဘုန်းတော်ကြီးကျောင်းမှာ စုထားတယ်။ အဲသလို စုထားပြီးနောက်ပိုင်း အခြေအနေတမျိုးပြောင်းလာတယ်။ ရွာသားတွေကိုလည်း အပြင်မထွက်ရဘူး။ အပြင်ကို မထွက်ရတော့ ရိက္ခာတွေရှားပါးလာတယ်။ နောက်တစ်ခါ ရွာလူကြီး ၂၅ ယောက်ကို ဘုန်းကြီးကျောင်းနားက သင်္ခန်းဇရပ်မှာထားတယ်။ သင်္ခန်းဇရပ်မှာထားပြီးတော့ သူတို့ကို အလှည့်ကျ ထမင်းစားဖို့ ရွာထဲကို လွတ်တယ်။ ရွာသားတွေကဘာမှလည်း အလုပ်မရှိတော့ဘူး။  တောလည်းသွားလို့မရ၊ တောင်လည်းသွားလို့မရဘူး။ ပီးရင် လယ်ထွန်နေတဲ့ လယ်သမားတွေကိုလည်း တစ်နေ့ကို လယ်ထွန်ဖို့ ရှစ်ယောက်ဘဲ သွားလို့ရတယ်။ အဲသလို အခြေအနေမျိုးဖြစ်နေတယ်။ ရွာမှာ လက်လုပ်လက်စားတွေလည်း ပြင်ပရွာနဲ့ ဆက်သွယ်လို့ မရဘူး” ဟု ပြောကြားသည်။ 

၎င်းပြင် ရွာလူကြီး ၂၅ ယောက်ကို ဘုန်းကြီးကျောင်း အနီးမှ သင်္ခန်းဇရပ်တွင် ညအိပ်စေခိုင်းခြင်းများကို ပြုလုပ်ထားသည်ဟု ၎င်းက ပြောဆိုသည်။

“ သူတို့ ဒီလိုဘာကြောင့်လုပ်သလဲဆိုတာကို ကျွန်တော်တို့လည်း မပြောနိုင်ဘူး။ စစ်ဆင်ရေးအကြောင်းပြပြီးတော့သူတို့ လုပ်နေကြတာပါဘဲ။ ကျွန်တော်တို့ဘက်ကတော့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြည်နယ် လွှတ်တော်ကနေ တစ်ဆင့် ရခိုင်ပြည်နယ် အစိုးရကို တင်ပြဖို့ စစ်တွေကို သွားပါတယ်” ဟု ပြောကြားသည်။

ကံပြင်ကျေးရွာသို့ ဆက်သွယ်ရာ အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်မအေးလှက “ အမျိုးသမီးတွေရော၊ အမျိုးသားတွေရော အကုန်လုံးကို ဘုန်းတော်ကြီးကျောင်းမှာ စုထားပါတယ်။ ၈ ယောက် တစ်သုတ်စီ ရွာကို အချိန်ပိုင်းနဲ့ လွှတ်ပါတယ်။ တစ်သုတ်က နံနက် ၈ နာရီက လွှတ်ရင် ၁၀ နာရီ ဘုန်းတော်ကြီးကျောင်းကို ပြန်ရပါတယ်။ သူတို့ပြန်ရောက်ရင် နောက်တစ်သုတ်လွှတ်ပါတယ်။ ဒီလို အချိန်နဲ့ ရွာထဲက အိမ်တွေကို ချက်ပြုတ်စားသောက်နေကြရပါတယ်။ အခု တော်တော် ဒုက္ခရောက် နေကြပါတယ်။ စားနပ်ရိက္ခာတွေလည်း ပြတ်လပ်လာပါပြီ။ စစ်တပ်က ဒီလ ၂ ရက်နေ့ရောက်ကတည်းက ခုလို လုပ်ထားတာပါ။ စစ်သားတွေရဲ့ ဘတ်တံဆိပ်မှာ ၂၂ လို့ရေးထားပါတယ်” ဟု ပြောကြားသည်။

ထိုကဲ့သို့ ရွာသားများကို ဘုန်းတော်ကြီးကျောင်းတွင် စုထားသဖြင့် ရသေ့တောင်မြို့နယ် ကျောက်တန်းဖြစ်စဉ်လို ပစ်ခတ်မှုဖြစ်ပြီး တစ်စုံတစ်ခု ဖြစ်လာမည်ကို ရွာသားများက စိုးရိမ်နေကြသည်ဟု သူမက ပြောဆိုသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ယနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ က ဆက်သွယ်ရာ မအားသေးကြောင်း၊ နေ့လယ်မှ ဆက်ပါဟု ပြောဆိုသဖြင့် တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.